Monday, November 18, 2013

ဒေသဖွံ့ဖြိုးရေးအသုံးစရိတ် ကျပ် ၃ ဒသမ ၃ ဘီလီယံ ဒီဇင်ဘာမှာ သုံးနိုင်ရန် မျှော်လင့်

ဟိန်းကိုစိုး

ပြည်ထောင်စုနှင့် တိုင်း၊ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုရမည့် ကျပ် ၃ ဒသမ ၃ ဘီလီယံကို လာမည့် ဒီဇင်ဘာလအတွင်း အသုံးပြုခွင့်ရရန် မျှော်လင့်ထားသည်ဟု ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်က နိုဝင်ဘာ ၁၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

တစ်နိုင်ငံလုံးရှိ မြို့နယ် ၃၃၀ ကို မြို့နယ်တစ်ခုလျှင် ကျပ်သိန်းပေါင်း ၁,၀၀၀ စီ အသုံးပြုနိုင်ရန် ၂၀၁၃ ခု နှစ်၊ နှစ်ဆန်းပိုင်း ဘတ်ဂျက်ဆွေးနွေးစဉ်ကာလကတည်းက ခွင့်ပြုထားခဲ့သော်လည်း လုပ်ထုံးလုပ်နည်း ထုတ်ပြန်နိုင်ခြင်းမရှိသေး၍ ကြန့်ကြာနေခြင်းဖြစ်သည်။ “ပြည်ထောင်စုလွှတ်တော်က နိုဝင်ဘာ ၁၅ ရက်မှာ သမ္မတဆီ လက်မှတ်ထိုးဖို့ ပို့ပြီးပြီ၊ ဘတ်ဂျက်ကတော့ချပြီးပြီ”ဟု ဦးသူရိန်ဇော်က ဆိုသည်။

သို့သော် ဇန်န၀ါရီလတွင် ပြန်လည်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးရောက်မှသာ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

အဆိုပါလုပ်ထုံးလုပ်နည်းမှာ ငွေကို မည်သို့သုံးမည်၊ မည်သို့စီမံခန့်ခွဲမည်၊ မည်သို့ ပြန်လည်တင်ပြမည်၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာနှင့် စီမံကိန်းများ ထပ်မနေရန် မည်သို့ဆက်သွယ် ဆောင်ရွက်မည်ဆိုသည်တို့ကို စနစ်ကျရန် သတ်မှတ်ခြင်းဖြစ်သည်ဟု ဦးသူရိန်ဇော်က ပြောသည်။

“လူထုလိုချင်တာနဲ့ အစိုးရလုပ်တာ တူချင်မှတူမယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက အစိုးရကျန်ခဲ့တာ ကို လုပ်ပေးဖို့ပါ”ဟု ၎င်းက ရှင်းပြသည်။

ဒေသဖွံ့ဖြိုးရေး အသုံးစရိတ်ကို လွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာမြို့နယ်၊ ကျေးရွာများရှိ စီမံခန့်ခွဲမှုကော်မတီများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများနှင့် ညှိနှိုင်းတိုင်ပင်၍ ဆောင်ရွက် ရန်ဖြစ်သည်။

ဖွံ့ဖြိုးရေးအသုံးစရိတ် သုံးစွဲခွင့်ရပါက အစိုးရ ဆောင်ရွက်ခြင်းမရှိသေးသည့် ရပ်ရွာတွင်း လိုအပ်ချက်များကို ဦးစားပေးအသုံးပြုသွားရန် စီစဉ်ထားသည်ဟု ရှမ်းပြည်နယ်သီပေါမဲဆန္ဒနယ်မှ ဦးရဲထွန်းကဆိုသည်။

“ကိုယ်စားလှယ်တွေ စနစ်တကျ သုံးမယ်ဆိုရင် ဒေသအတွက် အကျိုးရှိမယ်။ ပြည်သူ့ထောက်ခံမှု ရမယ်လို့ စဉ်းစားတယ်။ သုံးပုံ စနစ်မကျရင်တော့ ပြည်သူ့ဆန့်ကျင်မှု ကြုံရမယ်”ဟု ပြောသည်။

ပြီးခဲ့သည့်နှစ်ဆန်းပိုင်း ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွက် အစိုးရ၏ ဘတ်ဂျက်တင်ပြမှုကို ပြည်ထောင်စုလွှတ်တော်က စိစစ်ပြီးနောက် အပိုထွက်လာသည့် ငွေပမာဏများထဲက တစ်စိတ်တစ်ပိုင်းဖြစ်သည်။

No comments: