Wednesday, November 13, 2013

မန္တလေး ဂေါဝိန်ဆိပ်ကမ်းတွင် မော်တော်မီးလောင်

အောင်ကိုဦး

မန္တလေး မရမ်းခြံဆိပ်ကမ်း အကွက် (၂၂၀)တွင် နိုဝင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းက မန္တလေး-ထီးချိုင့်ပြေး ဆွဲနေသော စန္ဒာမင်းကုန်တင်မော်တော်ရေယာဉ် ၀မ်းပိုက်အတွင်းတွင် အင်ဂျင်ဂီယာပြုပြင်ရာ မမြင်ရ၍ မီးစက်နှိုးရာမှ စတင်လောင်ကျွမ်းသည်ဟု မန္တလေးတိုင်း ဗဟိုမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

မီးလောင်ရာသို့ မီးသတ်ယာဉ် ၄၈ စီး၊ အုပ်ချုပ်မှုယာဉ် နှစ်စီး၊ သန္ဓေမီးသတ် ၆၂ ဦး၊ အရန်မီးသတ် ၂၄၀ ဦး၊ ကြက်ခြေနီ ၇၀ ဦးဖြင့် ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၁၅ တွင်မီးငြိမ်းသွားသည်။ မီးလောင်မော်တော် ၀မ်းဗိုက်အတွင်းတွင် ဒေါ်ရီမြင့်မှာ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရသောကြောင့် ညနေ ၅ နာရီတွင် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

မီးလောင်မှုကြောင့် စက်လှေပိုင်ရှင် အပါအ၀င် ရှစ်ဦးဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ထဲမှ နှစ်ဦးမှာ မီးလောင်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ပြီး စိုးရိမ်ရသည့်အခြေအနေဖြစ်သည်။ ဒဏ်ရာရရှိသူများကို မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ကုသလျက်ရှိသည်။

မီးလောင်သွားသည့် မော်တော်၏တန်ဖိုးမှာ ကာလပေါက်ဈေး သိန်း ၈၀ ရှိပြီး၊ ဓာတ်ဆီလေးလုံးနှင့် ဒီဇယ် ခြောက်လုံးအပါအ၀င် အခြားကုန်ပစ္စည်းများ ၃၂ သိန်း ဆုံးရှုံးသွားကြောင်း သိရသည်။ မီးလောင်မှုအား ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှ (ပ)၁၉၉/၂၅၈/၂၀၁၃ ဖြင့် အမှုဖွင့်အရေးယူထားသည်။

No comments: