မင်းမင်း
သမ္မတသ၀ဏ်လွှာ လွှတ်တော်က အတည်ပြုရန် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အစီရင်ခံစာ မတင်နိုင်ခဲ့ခြင်းကြောင့်ဖြစ်
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက ကိုရီးယားနိုင်ငံမှ ချေးမည့် ကန်ဒေါ်လာသန်း ၁၅၅ ကျော်ကိစ္စ လွှတ်တော်သို့ မတင်ပြနိုင်ခဲ့သည့်အတွက် လျှပ်စစ်နှင့် ဆက်သွယ်ရေးကဏ္ဍတွင် အသုံးပြုရန် ချေးသင့်၊ မသင့်ကို နိုဝင်ဘာ ၁၂ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ်များနှင့် ၀န်ကြီးဌာနများမှ ရှင်းလင်း ဆွေးနွေးခဲ့ကြသော်လည်း အတည်မပြုနိုင်ခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
အဆိုပါ ကိုရီးယားနိုင်ငံမှ ချေးယူမည့် ချေးငွေအတွက် ပြည်ထောင်စုလွှတ်တော်သို့ သမ္မတက သ၀ဏ် လွှာပေးပို့ထားသည့်အပေါ် ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ စိစစ်ပြီး ပြည်ထောင်စုလွှတ်တော်သို့ နိုဝင် ဘာ ၁၂ ရက်တွင် အစီရင်ခံ တင်သွင်းမည်ဖြစ်သည်ဟု လွှတ်တော်အစီအစဉ်တွင် ပါရှိခဲ့သော်လည်း ဥပ ဒေကြမ်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့ခြင်းမရှိခြင်းကြောင့် လွှတ်တော်အနေဖြင့် သမ္မတ သ၀ဏ်လွှာအပေါ် အဆုံးအဖြတ် မပေးခဲ့ခြင်းဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက “ဥပဒေကြမ်း ကော်မတီကနေ အစီရင်ခံစာ မလာသေးလို့ အချိန်ပေးလိုက်တယ်။ သူရဦးရွှေမန်းက တစ်ခါတည်း ချက် ချင်း မဲခွဲလိုက်ရင်လည်း မအောင်မြင်မှာစိုးလို့လားတော့ မသိဘူး”ဟု မဇ္ဈိမကို ပြောသည်။
လျှပ်စစ်နှင့် ဆက်သွယ်ရေးကဏ္ဍတို့အတွက် သုံးစွဲရန် ကိုးရီးယားနိုင်ငံမှ ချေးပေးမည့် ကန်ဒေါ်လာ သန်း ပေါင်း ၁၅၅ ဒသမ ၈၇၄ ကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးရန် အောက်တိုဘာ ၃၁ ရက်က ပြု လုပ်သည့် ပြည်ထောင်စုလွှတ်တော်သို့ သမ္မတက သ၀ဏ်လွှာပို့ထားခြင်းဖြစ်သည်။
ယင်းချေးငွေများမှာ တိုင်းပြည်အတွက် လိုအပ်သော ကဏ္ဍတွင် ချေးယူမည့်အတွက် ထောက်ခံဆွေးနွေး ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဒေါက်တာဗညားအောင်မိုးက မဇ္ဈိမကို ပြောသည်။
၎င်းက “တိုင်းပြည်အတွက် ကောင်းတာလုပ်မှာပဲ။ လုပ်လားမလုပ်လားတော့ လွှတ်တော်က စစ်ပါ။ တာဝန်ခံမှု၊ အာမခံမှုရှိရင် ချေးပါစေ၊ လိုအပ်လို့ ချေးတာပဲ”ဟု ပြောသည်။
ထိုငွေများကို လျှပ်စစ်ဝန်ကြီးဌာနမှ ကန်ဒေါ်လာသန်း ၁၀၀ နှင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အ လက် နည်းပညာဝန်ကြီးဌာနက ကန်ဒေါ်လာသန်း ၅၅ ဒသမ ၈၇၄ တို့ ချေးယူမည်ဖြစ်သည်။ ထိုငွေများ ကို အများဆုံး နှစ်ပေါင်း ၄၀ အတွင်း ပြန်ဆပ်ရမည်ဖြစ်ပြီး အတိုးနှုန်းမှာ ငွေတစ်ရာကျပ်လျှင် ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြစ်သည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ချေးယူမည့် ကန်ဒေါ်လာသန်း ၁၀၀ ကို ၅၀၀ ကေဘီ (၁၁၇ မိုင်) ဓာတ် အားလိုင်းစီမံကိန်းတစ်ခု တည်ဆောက်သွားမည်ဖြစ်သည်ဟု ပြည်ထောင်စု လျှပ်စစ်ဝန်ကြီး ဦးခင်မောင် စိုးက လွှတ်တော်တွင် ရှင်းလင်း တင်ပြခဲ့သည်။
ဆက်သွယ်ရေးမှ ချေးယူမည့် ကန်ဒေါ်လာသန်း ၅၅ ဒသမ ၈၇၄ ကို ကုန်းတွင်းဖိုင်ဘာဆက်ကြောင်း လေးခု ချိတ်ဆက်သွားမည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးသောင်းတင်ကလည်း ရှင်းပြခဲ့သည်။
“ဆက်ကြောင်းချပြီးရင်တော့ ဆက်ကြောင်းချတဲ့ ဒေသတစ်လျှောက်မှာ မိုဘိုင်းဖုန်းအပြင် ကြိုးဖုန်းနဲ့ အင်တာနက်အတွက်ပါ ထုတ်လွှင့်မှု (Transmission) တွေ ပေးနိုင်မှာဖြစ်ပါတယ်”ဟု ဒုတိယ၀န်ကြီး ဦးသောင်းတင်က ဆိုသည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးသောင်းတင်ကလည်း ချိတ်ဆက်မည့် ဖိုင်ဘာဆက်ကြောင်း လေးခုမှာ အသစ်ပြုလုပ်မည့် ဆက်ကြောင်းနှစ်ခုနှင့် အရန်ဆက်ကြောင်းနှစ်ခုတို့ ဖြစ်သည်။ အရန်ဖိုက်ဘာဆက်ကြောင်းမှာ တောင်ကြီး-ကွန်ဟိန်း-တာချီလိတ်နှင့် မန္တလေး-ကောလင်း-မြစ်ကြီးနားတို့ ဖြစ်ကာ အသစ်ချိတ်ဆက်မည့် ဖိုင်ဘာဆက်ကြောင်း မှာ မကွေး-အမ်း-စစ်တွေနှင့် ထားဝယ်-မြိတ်-ကော့သောင်းတို့တွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။
No comments:
Post a Comment