တိုးကြီး (မုံရွာ)
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်မြောက်ရွာ အနီးရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် အစောင့်ချထားသည့် ရဲကင်းတစ်ခုကို ဒေသခံ ၂၀၀ ခန့်က နိုဝင်ဘာ ၁၄ ရက် ည ကိုးနာရီအချိန်တွင် ခဲများဖြင့် ၀င်ရောက် ပစ်ခတ်ခဲ့သည်ဟု မုံရွာခရိုင် ရဲမှူးကြီး ဦးကြူအင်းက ပြောသည်။
ခဲများဖြင့် ပစ်ခတ်မှုကြောင့် ရဲအုပ်မြင့်ဆွေ၊ ဒုရဲအုပ် ဝေ လင်း၊ ဒုတပ်ကြပ် ဂျိုးဇက်၊ ဒုတပ်ကြပ် ထွန်းလှိုင်ဦး၊ ရဲတပ်သား ပြည်မျိုးထွန်း၊ ကျော်ဇာနည်၊ ကြံအောင်၊ စောမောင်ခိုင်၊ ဒုတပ်ကြပ် ကျော်မင်းဦးတို့ ကိုးဦးသည် မျက်နှာ၊ လက်၊ ဦးခေါင်းတို့တွင် ပေါက်ပြဲဒဏ်ရာများဖြင့် ည ၁၀ နာရီခွဲက မုံရွာ ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ဆေးကုသရန် ရောက်ရှိဆေးကုသမှု ခံယူနေရသည်။
ရဲတပ်သားတို့နှင့် ဒေသခံတို့၏ ပဋိပက္ခကို သေနတ်ပစ်ခတ် လူစုခွဲဖြေရှင်းခဲ့ရပြီး အမှောင်ထုတွင်း ဖြစ်ပွားမှုကြောင့် ဒေသခံတို့လည်း ဒဏ်ရာရရှိနိုင်သည်ဟု ထိုရဲကင်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ကြပ်တစ်ဦးက ပြောသည်။
နောက်ဆုံးရရှိသည့် သတင်းများအရ ရဲတပ်ဖွဲ့ဝင်တို့၏ သေနတ်ပစ်ဖောက်လူစုခွဲခြင်းကြောင့် လူစုကွဲသွားခဲ့သည်။
နှစ်ဖက် ပဋိပက္ခကြောင့်ဒေသခံ ရွာသား များလည်း ထိခိုက်ဒဏ်ရာရသည်ဟု သိရသည်။
ရွာသား ၇ ဦး ဒဏ်ရာရရှိပြီး ၂ဦးမှာ စိုးရိမ်ရကြောင်း ပဋိပက္ခများ ဖြစ်ပွားရာနေရာတွင်ရောက်ရှိနေသော လက်ပံတောင်းတောင်အရေး ဦးဆောင်လုပ်ရှားသည့် ဆရာတော် ဦးဝိမလက မဇ္ဈိမသို့ မိန့်ကြားသည်။
ဒဏ်ရာ ရသူများဖြစ်သည့် ကိုစိုးပြည့်အောင်သည် ဘယ်ဘက်ရင်အုံသို့ သေနတ်ထိမှန်ပြီး ကိုဖိုးစည်မှာ ညာ ဘက်ရင်အုံသို့ သေနတ်မှန်သည်ဟု မိုးကြိုးပြင်အလယ်ရွာမှ ကိုဖိုးလပြည့်က မဇ္ဈိမ၏ တယ်လီဖုန်းဖြင့် မေးမြန်းမှုကို ပြန်ဖြေကြားခဲ့သည်။ ထို့အပြင် မအေးစန်းမှာ လက်မောင်းတွင် သေနတ်မှန်ပြီး ကိုငမျိုး၊ ကိုထွန်းအေး၊ ဦးမှိုင်းနှင့် ကိုဘိုနီတို့မှာခြေသလုံးနှင့် ပေါင်တို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။ ထိုအချက်များနှင့် ပတ်သက်ပြီး မဇ္ဈိမက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
အခင်းဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ဖြစ်စဉ်ကို ပြောပြရာတွင် ကွဲလွဲချက်များရှိနေသည်။ ဒေသခံ ကိုဖိုးလပြည့်၏ အဆိုအရ မိုးကြိုးပြင် မြောက်ရွာသို့နိုဝင်ဘာလ ၁၄ရက် ည ၇နာရီခွဲခန့်တွင် ရဲကားတစ်စီးဝင်လာသဖြင့် ဒေသခံများက ဝါးလုံးဖြင့် ဝိုင်းထားကြရာ ပြန်ထွက်သွားသည်။ ည၈နာရီခန့်တွင် ရဲကား ၁၇စီးနှင့် ဝမ်ပေါင် ကုပ္ပဏီမှ ကားအဖြု ၁စီးတို့ ရွာ အတွင်းသို့ ထပ်မံဝင်ရောက်လာသောခါ အပြန်အလှန် ပဋိပက္ခ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ထိုသို့ဖြစ်ပွားရာတွင် ရဲအင်အား ၅၀၀ ဝန်းကျင် ရှိသည်ဟု ကိုဖိုးလပြည့်ကပြောသည်။ မဇ္ဈိမက တခြားမျက်မြင်သက်သေ ရွာသားများကို ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆက်လက်မေးမြန်းဆဲ ဖြစ်သည်။
မိုးကြိုးပြင် မြောက်ရွာတွင် ယင်းကဲ့သို့ ပဋိပက္ခ ဖြစ်ပွားခြင်းကြောင့် အင်ကြင်းတောင်သပိတ်စခန်းတွင်လည်း ဒေသခံအင်အားတိုးမြင့်ထားသည်ဟု ဆရာတော် ဦးဝိမလက မိန့်ကြားသည်။
No comments:
Post a Comment