ABC
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အစိုးရတာဝန်ရှိသူတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ တပြည်လုံး အပစ်အခတ်ရပ်စဲရေး ကိစ္စ တွေ့ဆုံဆွေးနွေးနေချိန်မှာပဲ ရှမ်းပြည်မြောက်ပိုင်း ပလောင်ဒေသက အစိုးရစစ်တပ်နဲ့ ပလောင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
နိုဝင်ဘာလ ၄ ရက်နေ့ညနေပိုင်းက ပလောင်ဒေသက ကွတ်ခိုင်မြို့နယ် ဂျုံနန်းကျေးရွာအနီးမှာ အခြေစိုက်ထားတဲ့ TNLA ပလောင်တပ်ရင်း ၁၁၂ စခန်းကို စစ်ဆင်ရေးကွတ်ကဲမှုဌာနချူပ် စကခ ၁ လက်အောက်ခံ လှုပ်ရှားစစ်ကြောင်းက အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပလောင်အဖွဲ့က အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာ့ဘုန်းကျော် က အခုလို ပြောဆိုပါတယ်။
“သူတို့က ကျနော်တို့ရှိတဲ့စခန်းကိုလာတိုက်တယ် တိုက်တော့ အဲ့မှာ တိုက်ပွဲဖြစ်ကြတာ၊ ဒီ အစိုးရတပ်ဖက်က အင်းအား ၃၀၀ ကျော်ကျော်နဲ့ ထိုးလာလို့လေ၊ ၄ နာရီကျော်ကျော်လောက်ထဲက လက်နက်ကြီးစပစ်တယ် တိုက်ပွဲကတော့ တကယ် နည်းနည်း ပြင်းပြင်းထန်ထန် နှစ်ဖက်စဖြစ်တာကတော့ ၅ နာရီဝန်ကျင်လောက်က ဖြစ်တာပေါ့၊ ကျနော်တို့ဖက်ကတော့ ဒီ လက်နက်ကြီး ကျည်စလေးတွေ မှန်တာတော့ ရှိတယ်လို့ ပြောတယ် ရဲဘော် တစ်ယောက် နှစ်ယောက် တော့ထိတယ်၊ ဟိုဖက်ကတော့ မသိသေးဘူး၊ ထိတာတော့ ထိလိမ့်မယ် ကျနော်တို့ ထောင်ထားတဲ့ မိုင်းတွေလည်းကွဲတယ်၊ နောက်ဆုံးအခြေအနေတော့ လောလောဆယ် အခုဟာ အကုန်လုံးတော့ မှောင်နေလို့ တစ်ယောက်နဲ့ တစ်ယောက်တော့ ဒီလိုပဲ တဖက်နဲ့တဖက် မိုးလင်းခါနီးကျ ပြန်ဖြစ်မလားတော့ မသိဘူး။”
ညနေ ၆ နာရီကျော်လောက်မှာ နှစ်ဖက်ပစ်ခတ်မှုတွေ ရပ်သွားခဲ့ပေမယ့် အစိုးရတပ်ဖက်ကတော့ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာကနေ ပြန်လည်ဆုတ်ခွာသွားခြင်းမရှိပဲ ဆက်နေရာယူထားဆဲဖြစ် တယ်လို့ ဗိုလ်မှူးကြီး တာ့ဘုန်းကျော် က ဆက်ပြောပါတယ်။
လောလောဆယ် နှစ်ဖက်တိုက်ပွဲတွေ ဆက်မဖြစ်ပွားအောင်ဆိုပြီး TNLA ပလောင်တပ်ဖွဲ့တွေဟာ သူတို့အခြေစိုက်စခန်းကနေ ဆုတ်ခွာပေးထားတဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် သန်းကျော်စိုးက သတင်းပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment