KNG
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ (၃) လက်အောက် တပ်ရင်း (၁၂) နယ်မြေ နမ်လင်းပါ (Nam Lim Pa) ဒုက္ခသည် စခန်းအနီးသို့ အစိုးရတပ်မှလက်နက်ကြီးများဖြင့် ပစ်ခတ်လာသောကြောင့် ရွာသား၂၀၀၀ ကျော် နိုဝင်ဘာ ၁၆ ရက်မှစ၍ မန်းဝင်းကြီးမြို့နယ် လဂတ်ယန်စခန်းသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
၎င်းအစိုးရတပ်သည် ကောင်လွေ (Gawng Run) လမ်းမှ နမ်လင်းပါရွာအနီးသို့ လက်နက်ကြီးဖြင့် ၁ ကြိမ်ပစ်ခတ်ကာ လက်နက်ငယ်များဖြင့်လည်း အဆက်မပြတ်ပစ်ခတ်နေပြီး ရွာသားများကြောက်လန့် ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း နမ်လင်းပါဒေသခံ ဦးလဖိုင်လဒွဲ KNG ကချင်သတင်းဌာန သို့ပြောသည်။
“နမ်လင်းပါမှာ ဘယ်သူမှမရှိတော့ဘူး။ ဒုက္ခသည်စခန်းမှာကျောင်းသားတွေ ဒေသခံတွေအားလုံးထွက်ပြေးကုန်ပြီ ရွာထဲ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်လာတော့ ရွာသားတွေက ကြောက်ပြီးထွက်ပြေးကြတာ အခုက ရွာမှာ အစိုးရစစ်တပ်တွေရွာမှာအပြည့်ဘဲ”
ထို့ပြင် နမ်လင်းပါရွာသို့ အစိုးရတပ် စခက-၂၁ အောက် (ဗန်းမော်) နည်းဗျူဟာ (၁) တပ်များ အင်အား ၂၀၀ ကျော်ဖြင့် ကျူးကျော်ဝင်ရောက်လာပြီး ယမန်နေ့ည ၈ နာရီချိန်တွင် နမ်လင်းပါရွာမှ လရှီးလဗျအိမ်ကို မီးရှို့ဖျက်ဆီးပေးလိုက်ကြောင်း သိရသည်။
အဆိုပါ အစိုးရတပ်များသည် ဗန်းမော်ရှိ ဂရုဏာ အကူအညီပေးရေးအဖွဲ့မှ နမ်လင်းပါဒုက္ခသည်စခန်းသို့ ကူညီရန် ကား ၁၀ စင်းဖြင့် ရောက်ရှိနေချိန် ရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လာခြင်းဖြစ်ပြီး ရွာသားများ ထွက်ပြေးတိမ်းရှောင်ပြီးနောက်တွင် အစိုးရတပ်နှင့် KIA လျက်ရှိကြောင်း KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူးဂျွန်းအောင် ပြောသည်။
ထိုသို့ ရွာသားများထွက်ပြေးတိမ်းရှောင်သွားသောကြောင့် အစိုးရတပ်များသည် ထိုးစစ်ဆင် တိုက်ခိုက်မှုများဖြစ်ပွားနေပြီး ယနေ့နံနက် ၇ နာရီခန့်တွင် ကောင်ဂျာ (Kawng Ja) ရွာ၌ တိုက်ပွဲများဖြစ်ပွားခဲ့သည်။
“အခုက ဒေသခံတွေမရှိတော့ အစိုးရတပ်နဲ့ ကျနော်တို့ဘဲရှိတော့ ပစ်ခတ်မှုတွေပိုစိတ်လာအုံးမယ်”
ရွာသားအချို့နှင့် ဂရုဏာအကူအညီပေးအဖွဲ့မှ နိုဝင်ဘာ ၁၇ ရက် နေ့တွင် ရွာမှထွက်သွားခဲ့ချိန် နမ်လင်းပါ (Nam Lim Pa)၊ မခေါ်ယန်ရွာ (Mahkaw Yang) များတွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ကြောင်းသိရသည်။
KIA တပ်ရင်း (၁၂) ဒေသတွင် အစိုးရတပ် စကခ ၂၁ အောက် (ဗန်းမော်) နည်းဗျူဟာ (၁၊ ၂၊ ၃၊ ၄၊ ၅) ထိ အင်အားတိုးချဲ့လှုပ်ရှားနေပြီး ယခုလထိ တိုက်ပွဲပေါင်း ၅၀ ကြိမ်ထက်မနည်း နေ့စဉ်ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။

No comments:
Post a Comment