သိန်းဇော်
ရန်ကုန်ရောက်ရင် တွံတေးဒလဘက် သွားလည်တတ်ပါတယ်။ တွံတေးဘက် ရှေးကျလှတဲ့ လက်ရေးစင်းပါတဲ့ အုတ်များကို တူးဖေါ်တွေ့ ရှိနေတာကြည့်ရင် တွံတေးဒေသမှာ သမိုင်း မတင်မှီကတည်းက လူတွေရောက်နေပြီး ဆိုတာသိရ တယ်။
တွံတေးမြို့မှာ ဂျပန် အထောက်ပံ့နဲ့ မြန်မာ့ စဥ့်ထည်၊ မြေထည်ပြတိုက်မှာ မွန်လူမျိုးတွေရဲ့ ရှေးခေတ်သုံး စဥ့်ထည်၊ မြေထည်တွေကို သွားလေ့လာရင်းနဲ့ မိတ်ဆွေ တစ်ဦးက ကော့မူးဒေသ ညောင်ဒေါက် ကျေးရွာဘက်မှာ မွန်လူမျိုးတွေရဲ့ လက်ရာ စဥ့်ဖိုဟောင်း မြောက်များစွာ ကျန်နေသေးတာ ကို လေ့လာဘို့ အလည်သွားရန် တိုက်တွန်းတာနဲ့ ကော့မူးဒေသ တစ်ဝိုက်ကို အလည်ပတ် ထွက်ခဲ့တယ်။ ကော့မူးမြို့ လမ်းတစ်လျှောက်မှာ မွန်အိမ်ပုံစံ အိမ်အတော်များ များ တွေ့ရပြီး ဂ၀ံယဉ်ကျေးမှု ထွန်းကားခဲ့တဲ့ ဒေသတစ်ခု ဖြစ်ခဲ့ဘူးကာ အထောက်ထား ဘုရားတွေလည်း တွေ့ခဲ့တယ်။
ဒါက စိတ်ဝင်စားစရာ ဒေသ တစ်ခုပါဘဲ။ ကော့မူးမြို့ အ၀င်လောက်မှာ မကျည်းကန် ဆိုတဲ့နေရာ ရောက်ရင် ညောင်ဒေါက် ရွာဘက်ကို ချိုးဝင်တဲ့ လမ်းကလေး ရှိတယ်။ ကားနဲ့ ၀င်လို့ မရဘူး။ ဆိုင်ကယ်Taxi ဌားပြီး ညောင်ဒေါက် ရွာကိုခရီးကို ဆက်တယ်။ ခြောက်မိုင်လောက် ၀င်ပြီးတာနဲ့ ညာဘက် လမ်းချိုးလေးကို နှစ်မိုင်လောက် ၀င်မိတာနဲ့ တောကျကျ ညောင်ဒေါက်ရွာ ကိုရောက်တယ်။ ဒါနဲ့ စနည်းနာရင်း ညောင်ဒေါက်ရွာမှာ မွန်လူမျိုးတစ်ဦး ရှိတယ်ဆိုတာ သိရတော့ သူ့အိမ် ရှိရာကို သွားတယ်။
အသက် ရှစ်ဆယ့်ငါးနှစ် အရွယ်အဖိုး နဲာကျော်လှိုင်ကို တွေ့ရတယ်။ ရောက်တာ နဲ့ နုတ်ဆက်တော့ အဖိုးက ကျနော့်ကို မွန်လို နုတ်ဆက်၊ စကားတွေ ပြောကြတော့ အဖိုးဇနီးက ထွက်လာပြီး "...မွန်လူမျိုး တွေ့ပြီး မွန်စကား တ၀ ပြောပေတော့" လို့ ပြောတော့ အဘိုး နဲာကျာ်လှိုင်က ရယ်ပါတယ်။ ဒါနဲ့ စိတ်ဝင်စား တာနဲ့အဘိုးအကြောင်းကို မေးပါတယ်။ အဘိုးကျော်လှိုင်တို့ မိသားစု အရင်ကတည်းက ရွာမှာနေတာကို သိရတယ်။ အရင်က မွန်မိသားစု တွေရှိခဲ့ တယ်။
ဒါပေမဲ့ တဖြေးဖြေးနဲ့ မွန်လူမျိုး ကုန်သွားတာကို သိခဲ့ရတယ်။ သူတို့ အမျိုးတွေ ကလော့သော့ ဘက်လည်းရှိသလို ချောင်းဆုံဘက် လဲရှိတယ် လို့ပြောတယ်။ အဘိုးနဲာကျော်လှိုင် ကို နဲနဲအံ့သြ မိတာကတော့ သူကတစ်ရွာလုံးမှာ မွန်စကားပြောတဲ့ တစ်ဦးတည်းသော မွန်လူမျိုး။ အဖိုးက ဘယ်တော့မှ မြန်မာစကား မပြောဘူး မွန်လိုဘဲပြောတယ်။
အဖွါးကလဲ မွန်လိုမပြောဘူး။ သားသမီး တွေကလည်း မပြောဘူး။ အဖိုးပြောတာ ကိုတော့ မိသားစုရော ကလေးတွေရော နားလည် နေကြတယ်။ ဆန်းလိုက်တဲ့ အဖြစ်။ တွေးစရာ ကောင်းလိုက်တဲ့ အဖြစ်ဘဲ။ သူလဲ မွန်စကား ကိုယ့်ဘာသာ ပြောပြီးမွန်သံက ကလော့သော့ဘက် နဲ့တူနေတယ်။ ရွာကို လိုက်ကြည့်တော့ ကိုးကွယ်တာက အုန်းသီး အဖိုးနတ်ကို တစ်ရွာလုံး ကိုးကွယ်ကြတယ်။
မွန်နတ်ကို ကိုးကွယ်တာ လောက်ဘဲ သိတော့တယ်။ သူတို့ ဘယ်က ဆင်းသက် လာသလဲ ဆိုတာလဲ မသိတော့ဘူး။ တွေးစရာ ကောင်းသားဘဲ။ ဒလဒေသက မွန်လူမျိုးတွေ အသုံးပြုခဲ့တဲ့ စဥ့်ဖို အတော်များများ ရှိတယ်။ တောထဲလည်း ရောက်ခဲ့တယ်။ စဥ့်ဖိုတွေနဲ့ အသက်မွေး ခဲ့ပုံရတဲ့ဒေသ ပါဘဲ။ မွန်လူမျိုးတွေ နေခဲ့တဲ့ မြို့တွေ သွားလည်ရင် ရတတ်တဲ့ ခံစားချက်လေး ကတော့ ဟာတာတာ ၀မ်းနည်းခြင်း ဆိုတဲ့ ခံစားချက် လေးပါ။ (၁၈၅၂) နောက်ပိုင်း မောင်ထော်လေး ဟာဒလ မှာဘဲ နေခဲ့တယ်။ (၁၈၆၉) လောက်မှာ စစ်ကဲ မောင်ထော်လေး ဟာ သူ့အိမ်ရှိတဲ့ ဒလမှာ ဆုံးတယ်။ သူဒလမှာ နေခဲ့တဲ့အချိန်လည်း မွန်လူမျိုးတွေ ရှိမှာဘဲ။
နှစ်ပေါင်း (၁၄၄) နှစ်အတွင်းမှာ သမိုင်းတောင် ပျောက်မတတ် ဖြစ်သွားတဲ့ သဘောပါဘဲ။ မွန်ပြည်နယ်မြို့ ပေါ်က အသက် (၈၀) ကျော်တွေ အကုန်နီးပါး မွန်လို ပြောတတ်တယ်။ သူ့တို့ သားသမီး အသက် ခြောက်ဆယ်ကျော်တွေ ကျတော့မွန်လို တတ်သူ တတ်တယ်။ မတတ်သူလဲ ရှိလာပြီ။ သားသမီး အသက်သုံးဆယ် ၀န်းကျင်အရွယ်တွေ ကျတော့ မွန်လိုပြောတတ်တာ အတော်နဲ သွားတယ်။ မွန်စကား မတတ်တဲ့သူ အများစု ဟာ သူတို့ မွန်လူမျိုးဆိုတာ မေ့သွား ပါတော့တယ်။ တော်တော်လေး ကြောက်စရာကောင်း တဲ့အသိပါ လားလို့ စဉ်းစားတွေး မိတော့ အနှစ် (၅၀) အတွင်းမှာ အတော်လေး ပြောင်းလဲနိုင်တဲ့ အခြေနေ ဆိုတာတွေ့လာရ တယ်။
တစ်ရွာလုံးက မြန်မာ စကားပြောနေပေမဲ့ သူ့လို တစ်သက်လုံး မွန်စကားပြောသူ ဆယ်ယောက်လောက် ညောင်ဒေါက်ရွာမှာ ရှိရင်သိပ်ကောင်း မှာဘဲ။ အဖိုး နဲာကျော်လှိုင်လို တစ်သက်လုံး မွန်စကားဘဲ ပြောမယ်ဆိုရင်.... ဘာဖြစ်ဖြစ် ကြိုးစားပြော ကြမယ်ဆိုရင်............... နဲာကျော်လှိုင်လို စိတ်ဓါတ်လေး မွေးတတ်လာကြမယ် ဆိုရင်......

No comments:
Post a Comment