Sunday, November 17, 2013

ကျောက်ဖြူ အိုအိုင်စီကန့်ကွက်ပွဲ လူပေါင်း တစ်ထောင်ကျော်ပါဝင်

နိရဉ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ယနေ့ အိုအိုင်စီ ကိုယ်စားလှယ် အဖွဲ့ အား ကန့်ကွက် ဆန္ဒပြပွဲ ပြုလုပ်ရာ လူပေါင်း (၁၀၀၀) ကျော် ပူးပေါင်း ပါဝင်ခဲ့သည်ဟု သိရသည်။

“ နံနက် ၇ နာရီခွဲကနေ ၉ နာရီထိ ပြုလုပ်ပါတယ်။ ကျောက်ဖြူ မြို့ အလယ်မှာတည်ရှိတဲ့ နာရီစင်ကွင်းမှာ စုပြီးတော့ မြို့ကို တစ်ပတ် ချီတက်ပြီး ကန့်ကွက် ဆန္ဒပြကြပါတယ်။ ပီးရင် မြို့မ နာရီစင်ကွင်းမှာ ပြန်စုပြီး လူစု ခွဲလိုက်ပါတယ်” ဟု ဆန္ဒပြပွဲကို ဦးဆောင်ရာတွင် ပါဝင်သူ ဦး သန္တာမောင်က ပြောသည်။

ဆန္ဒပြ လူအုပ်ကြီးသည် နာရီစင်ကွင်းမှ ဗိုလ်ချုပ်လမ်း ၊ ဗိုလ်ချုပ်လမ်းမှ ရုံးတက်လမ်းအတိုင်း ဆိုင်းဘုတ်များ၊ ပိုစတာများ ကိုယ်စီကိုင်ဆောင်ကာ မြို့ကို တပတ် ချီတက် ဆန္ဒပြခဲ့ကြပြီး တောင်းဆိုမူများကိုလည်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ “ ဆန္ဒပြတဲ့သူတွေက အိုအိုင်စီ ရုံးလာဖွင့်တာကို အလိုမရှိ၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေက တရားတယ်။

ကြံ့ခိုင်ရေး ပါတီက မဲအနိုင်ရရှိရေး အတွက် ယာယီနိုင်ငံသား အဖြူရောင် ကဒ်တွေထုတ်ပေးတာ မတရားဆိုပြီး ကြွေးကြော် တောင်းဆို ဆန္ဒပြကြပါတယ်”
ဟု ယင်းက ဆက်ဆိုသည်။ နာရီစင်ကွင်းသို့ ပြန်ရောက်ပြီးနောက် မြို့ခံ လူကြီး တစ်ဦးဖြစ်သူ ဦးလှမောင်ကလည်း အိုအိုင်စီ သမိုင်းကြောင်းနှင့် ရခိုင်ပြည်နယ်ထဲသို့ တစ်ဘက်နိုင်ငံမှ ဘင်္ဂလီလူမျိုးများ ခိုးဝင် အခြေချနေထိုင်ပုံများကို ဟောပြောကြောင်း သိရသည်။

ကျောက်ဖြူ လူထု ဆန္ဒပြပွဲအား ရဲတပ်ဖွဲ့မှ တစ်စုံတစ်ရာ ပြဿနာ မဖြစ်ပွားရအောင် လိုက်ပါ စောင့်ရှောက်ပေးသော်လည်း မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား တစ်စီးဖြင့် အသင့်အနေအထားဖြင့် စောင့်နေသလို စစ်တပ်မှလည်း ဓမ္မာရုံမှ နေ၍ အခြေအနေကို စောင့်ကြည့်နေခဲ့ကြောင်း ဦးသန္တာမောင်က ဆိုသည်။

No comments: