မင်းမင်း
အစိုးရဌာန မော်တော်ယာဉ်များ၏ စည်းကမ်းမရှိမှု၊ အယောင်ဆောင် အလွဲသုံးမှုများကို ပြည်သူများ အလွယ်တကူတိုင်ကြားနိုင်ရန် ပုဂ္ဂလိကယာဉ်များနှင့် နံပါတ်ပြားအရောင်ခွဲခြားနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းလမ်းပန်း ဆက်သွယ်ရေးဝန်ကြီးက ဦးအောင် ခင်က နိုဝင်ဘာ ၄ ရက်က ကျင်းပသည့်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြောသည်။
“ရန်ကုန်တိုင်းအတွင်းရှိ ဌာနဆိုင်ရာယာဉ်များ၏ ကားနံပါတ်ပြားများအား ပုဂ္ဂလိကပိုင်ယာဉ်များနှင့် ကွဲ ပြားခြားနားသော နံပါတ်ပြားအရောင်များ စီစဉ်ထားရှိပေးရန်” ဟူသည့်မေးခွန်းကို ဗဟန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ညိုညိုသင်းက မေးမြန်းခဲ့ရာတွင်ယင်းသို့ ပြန်လည်ဖြေကြားခဲ့ ခြင်းဖြစ်သည်။
ဦးအောင်ခင်က “ဒေါက်တာဒေါ်ညိုညိုသင်းရဲ့ ဌာနဆိုင်ရာကားများ အလွဲသုံးစားမပြုနိုင်ရေးအတွက်နဲ့ အခွင့်ထူးခံ လူတန်းစားများမဖြစ်လာအောင်လို့ တင်ပြချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြပြီး ဆောင်ရွက်ပေးသွားမည်” ဟု ပြောခဲ့သည်။
ယင်းသို့ဆောင်ရွက်ပါက နိုင်ငံတာဝန်ထမ်းဆောင်နေသည့် ယာဉ်များအားအယောင်ဆောင်သုံးစွဲ၍ ဗိုလ်ကျနေသည့် အခွင့်ထူးခံလူတန်းစားများကို ဖော်ထုတ်နိုင်မည်ဟုယုံကြည်ကြောင်း ဒေါက်တာညိညိုသင်း ကဆိုသည်။
“နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေတဲ့ယာဉ်တွေကို လူကြီးသားအယောင်ဆောင်ပြီးတော့ ပြည်သူလူထုကို ဗိုလ်ကျနေတဲ့ အခွင့်အရေးယူနေတဲ့ အခွင့်ထူးခံလူတန်းစားတွေ၊ ဟန်ဆောင်လူတန်းစားတွေကို ၎င်းတို့ ရဲ့ယာဉ်နံပါတ်ပြားတွေကို အလွယ်တစ်ကူကြည့်ရှုပြီးတော့ ပြည်သူလူထုကဖော်ထုတ်ပြီးတော့ အရေးယူ နိုင်မှာဖြစ်ပါတယ်” ဟု ၎င်းကရှင်းပြသည်။
သို့သော် မည်သည့်ကာလတွင် ဆောင်ရွက်သွားမည်ကိုမူ ၀န်ကြီးဦးအောင်ခင်က ပြောဆိုသွားခြင်း မရှိပေ။ လက်ရှိအချိန်တွင် မော်တော်ယာဉ်နံပါတ်ပြား အရောင်ခွဲခြားမှုအဖြစ် သံရုံးယာဉ်များကို အောက်ခံ အဖြူရောင်တွင် “သံ” အက္ခရာ၊ စာလုံးအနက်နံပါတ်၊ သာသနာပိုင်ယာဉ်များကို အောက်ခံအ၀ါရောင် တွင် “သာ” အက္ခရာနှင့် စာလုံးအဖြူရောင်နံပါတ်များဖြင့် ခွဲခြားထားသည်။
အစိုးရရုံး၊ ဌာနအသီးသီးတွင်ရှိသည့် ယာဉ်အားလုံး၏ သုံးပုံနှစ်ပုံခန့်မှာလည်း သက်တမ်းကြာမြင့်နေပြီ ဖြစ်သည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာခင်စန်းရီ၏ ပြောဆိုချက်အရ သိရသည်။ ထို့ကြောင့် အဆိုပါယာဉ်များကို ဘဏ္ဍာနှစ်အလိုက် ဖျက်သိမ်း၍ အသစ်အစားထိုးရန် တင်ပြသွားမည်ဟု အောက်တိုဘာနောက်ဆုံးပတ်ပြုလုပ်သည့် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ၎င်းက ပြောဆိုထားသည်။
No comments:
Post a Comment