Wednesday, November 6, 2013

တိုင်းရင်းသားကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့တို့ မြစ်ကြီးနားတွင်တွေ့ ဆုံဆွေးနွေး

KNG

အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ရဲ့ ပထမဆုံးကြိမ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ နိုဝင်ဘာ ၄၊ ၅ နှစ်ရက်တာ ဆွေးနွေးပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးဆိုင်ရာ မူဘောင်ချမှတ်ရေးနဲ့၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ဆက်လက်ကျင်းပဖို့ ၃ ချက် သဘောတူညီခဲ့ကြပါတယ်။

တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး နိုင်ငံရေးသဘောတူညီချက်များ ရရှိနိုင်ရေးအတွက် အဆိုပါအချက်များကိုဆောင်ရွက်ရန် နှစ်ဖက်သဘောတူညီခဲ့ခြင်းဖြစ်တယ်လို့ နိုဝင်ဘာ ၅ ရက်နေ့မှာ ကြေငြာချက်ထုတ်ပြန်ခဲ့တာပါ။

အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေပြုလုပ်နိုင်ဖို့ လိုင်ဇာကွန်ဖရင့်ကြီးမှာ ဖွဲ့စည်းခဲ့တဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) က တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ပြီးနောက်မှာ အစိုးရအဖွဲ့နဲ့ ကရင်ပြည်နယ်၊ ဖားအံမြို့မှာ ဒီဇင်ဘာလအတွင်း ပြန်လည်တွေ့ဆုံရန် ဖြစ်ပါတယ်။

အခုလို မြစ်ကြီးနားမှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များနဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ တွေ့ဆုံခဲ့ခြင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀မှ နိုဝင်ဘာ ၂ ရက်ထိ ၄ ရက်ကြာကျင်းပခဲ့တဲ့ လိုင်ဇာကွန်ဖရင့်မှာ ဆွေးနွေးခဲ့တဲ့ရလဒ်တွေကို ပြန်လည်တင်ပြခြင်းလည်းဖြစ်တယ်လို့ တက်ရောက်ခဲ့တဲ့ ကိုယ်စားလှယ်တွေကပြောပါတယ်။

ဒီလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ အစိုးရကြား နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှုများကို တဆက်တည်းပြုလုပ်ခြင်းအားဖြင့် ၂၀၁၅ မတိုင်မီ ပင်လုံညီလာခံလို တိုင်းရင်းသားညီလာခံကနေ ရလဒ်တခုထွက်ပေါ်လာအောင် အမြန်ဆုံးဆောင်ရွက်သွားလိုကြောင်း UNFC အတွင်းရေးမှူး ခွန်ဥက္ကာ ကပြောပါတယ်။

မြစ်ကြီးနားတွေ့ဆုံဆွေးနွေးပွဲမှာ အစိုးရဖက်ပြည်ထောင်စုဝန်ကြီး ဦအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များအသီးသီး တက်ရောက်ခဲ့တာဖြစ်ပြီး ကချင်လူထု တစ်ထောင်ကျော် ကြိုဆိုခဲ့ကြပါတယ်။

နှစ်ပေါင်း(၆၀)ကျော်ကြာ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရေး၊ နိုင်ငံရေးဆွေးနွေးမှုများ စတင်နိုင်ရေးတို့ကို ဦးတည်၍ ဤအစည်း အဝေးအတွင်း ပူးပေါင်းဆောင်ရွက်မှုများအပေါ် နှစ်ဖက်ကိုယ်စားလှယ်များမှ ကျေနပ်အားရမှု ရှိပါသည်။ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများ အမြန်ဆုံးကျင်းပနိုင်ရန် နှစ်ဖက် အဖွဲ့အစည်းများက သဘောတူညီထားကြောင်း ပူးတွဲထုတ်ပြန် ကြေညာအပ်ပါသည်။

No comments: