Monday, November 11, 2013

အန်ဂျီအို အချို့မှ ဆေးထိုးပြီး ကိုယ်ဝန်ဖျက်ချသည် ဆိုသော သတင်း စစ်တွေတွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေ

နိရဉ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဒုက္ခသည် ကယ်ဆယ်ရေး စခန်းများတွင် လုပ်ကိုင်နေသော အန်ဂျီအိုအချို့သည် ရခိုင်ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ဆေးကုပေးမည်ဟု ဖျားယောင်း သွေးဆောင်ပြီး ကိုယ်ဝန်များကို ဖျက်ချနေသည် ဆိုသော သတင်းများ စစ်တွေတွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေကြောင်း သတင်း ရရှိသည်။

နိရဉ္စရာမှ လက်ခံ ရရှိသော သတင်း တပုဒ်တွင် ဆတ်ရိုးကျ ကယ်ဆယ်ရေးစခန်းမှ အန်ဂျီအို အချို့သည် ရခိုင် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား အသွင်မျိုးစုံဖြင့် ကျန်းမာရေး စောင့်ရှောက် သယောင် အယောင်ဆောင် သိမ်းသွင်း၍ မျိုးသုန်း ပဋိသန္ဓေ တားဆေးထိုး၍ မျိုးဖျက်နေကြကြောင်း ဖေါ်ပြသည်။

ထိုသို့ ကယ်ဆယ်ရေး စခန်းမှ ဆေးထိုး၍ ကိုယ်ဝန် ပျက်ကျခဲ့ရသော ရခိုင်အမျိုးသမီးများ ရှိကြောင်း ထိုအထဲတွင် ဆတ်ရိုးကျမှ မဝင်းနုချေ ( ၂၃ ) နှစ်၊ ဒေါ်စောသိန်း နု ( ၃၄ ) နှစ် ၊ ဒေါ်လှလှအေး ( ၃၆) နှစ်နှင့် မယဉ်ယဉ်နု ( ၂၁ ) နှစ် တို့ ဖြစ်ကြောင်း ဖေါ်ပြသည်။

ကိုယ်ဝန်ပျက်ကျခဲ့ရသော လေးဦးလုံး အပေါ် သားဖွားမီးယပ် ဆရာဝန်ကြီး၏ ဆေး စစ်ဆေးချက် မှတ်တမ်းတွင် ပဋိသန္ဓေတွက် အန္တရာယ်ဖြစ်စေသည့် ဆေးနှင့်ထိတွေ့ခဲ့ရပြီး လေးဦးစလုံးတွင် နောက်ထပ်ပဋိသန္ဓေ ကိုယ် ဝန် လုံးဝ မရတော့ပြီဟု ဆရာဝန်ကြီးမှ မှတ်ချက် ပြုလိုက်ကြောင်း ဖေါ်ပြသည်။

၎င်းအဖွဲ့ မှ ကိုယ်ဝန်အား ဆေးထိုးပေးခဲ့ပြီး ( ၈ ) ရက် အကြာတွင် လေးဦး စလုံးမှာ ကိုယ်ဝန် ပျက်ကျခဲ့ကြောင်း၊ ကိုယ်ဝန် ( ၉ ) လ ရှိပြီဖြစ်သော ဒေါ်လှလှအေးမှာ အရေးပေါ် ကုသခဲ့ရပြီး နောက်ပိုင်းတွင် မိခင်နှင့် ကလေးပါ သေဆုံးသွားခဲ့ကြောင်း ဖေါ်ပြသည်။

နိရဉ္စရာမှ အဆိုပါ သတင်းနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုချက်များကို ယခု အချိန်ထိ ရယူနိုင်ခြင်း မရှိသေးပါ။

သို့သော်လည်း စစ်တွေ လူမူကွန်ယက်က နိုဝင်္ဘာလ ၅ ရက်နေ့က ဂြိတ်ဘက် ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ထိုရခိုင်ကိုယ်ဝန်ဆောင် ရခိုင်အမျိုးသမီးများကို အန်ဂျီအို အချို့မှ ဆေးကုပေးမည်ဆိုပြီး ကိုယ်ဝန်ဖျက်ခဲ့သည်ဆိုသော ကိစ္စ အပေါ် အလေးထား ဆွေးနွေးခဲ့ကြသည်ဟု နိရဉ္စရာက သတင်း ရရှိသည်။

အစည်းအဝေးကို ကိုယ်တိုင် တက်ရောက်ခဲ့သူ စည်းကမ်းထိမ်း ရေးနှင့် ကူညီ စောင့်ရှောက်ရေး ရဟန်းတော်များ အဖွဲ့မှ အရှင်ပညာသာမိကလည်း ကယ်ဆယ်ရေး စခန်းရှိ အန်ဂျီအို အချို့က ရခိုင်အမျိုးသမီးများကို မလိမ့်တပတ် ဆေးကုသပေးမည် ဆိုပြီး ကိုယ်ဝန် ဖျက်ချခဲ့သည်ဆိုသော အကြောင်းအရာ အပေါ် တက်ရောက်ခဲ့သူများက ဆွေးနွေးခဲ့ကြသည်ဟု အတည်ပြု ပြောကြားသည်။

ထိုကဲ့သို့ သတင်းများ စစ်တွေ လူထု အတွင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသဖြင့် ရခိုင်ပြည်နယ်တွင် အခြေစိုက် လူပ်ရှားနေကြသော အန်ဂျီအိုများ အပေါ် ရခိုင်လူထု အနေဖြင့် အထူး မကျေနပ်မူများ တိုးပွားလာနေကြောင်းလည်း နိရဉ္စရာမှ စုံးစမ်း သိရှိရသည်။

သို့အတွက် ကျန်းမာရေး ၀န်ကြီးဌာနနှင့် ရခိုင်ပြည်နယ် အစိုးရ အနေဖြင့် အဆိုပါ အန်ဂျီအိုများမှ ကိုယ်ဝန်ဖျက်ချ သည်ဆိုသော သတင်း ဟုတ်မဟုတ်ကို အမြန်ဆုံး စုံစမ်း စစ်ဆေးပြီး၊ တွေ့ရှိချက်များကို ရခိုင် ပြည်သူလူထုသို့ ချက်ချင်း တရားဝင် အသိပေး ထုတ်ပြန်သင့်ကြောင်း၊ သို့မဟုတ်ပါက ပြဿနာများမှာ တစထက် တစ ပိုမိုကြီးထွား ကျယ်ပြန့်လာနိုင်ကြောင်းဖြင့် စစ်တွေ ဒေသခံများ ပြောဆိုလျှက် ရှိကြကြောင်း သတင်း ရရှိသည်။

No comments: