မြန်မာ့ခေတ်
ကလေးမြို့နယ်သာယာဝတီရွာရှိ အစိုးရနည်းပညာအထက်တန်းမှ အောင်မြင်သော ကျောင်းသူကျောင်းသားများသည် ယခုနှစ်တွင် နည်းပညာတက္ကသိုလ် (ကလေးမြို့)သို့ တက်ရောက်ခွင့် မရရှိတော့ကြောင်း သိရသည်။
“ကလေးမြို့မှာ နည်းပညာတက္ကသိုလ် အဆင့်တိုးမြှင့်ထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် တက္ကသိုလ်ထက် နိမ့်တဲ့ ကောလိပ်အဆင့်၊ အင်စတီကျုစ်အဆင့်ရှိတဲ့ အခြားမြို့တွေမှာသာ တက်ခွင့်ပေးပါတယ်”ဟု နည်း ပညာတက္ကသိုလ်မှ ဆရာမတစ်ဦးက ပြောကြားသည်။
ယခုနှစ်တွင် အစိုးရနည်းပညာအထက်တန်းကျောင်းမှ အောင်မြင်သည့် ကျောင်းသူ၊ ကျောင်းသား ၁၇ဦး ကို ကလေးမြို့ နည်းပညာတက္ကသိုလ်တွင် တက်ရောက်ခွင့်မပြုတော့ဘဲ မိုးညှင်း၊ ပူတာအို၊ ဟားခါး၊ ခန်္တီး၊ ကျောက်ပန်းတောင်း၊ ချောက်၊ ရေနံချောင်း၊ ၀ါးခယ်မနှင့် သရက်မြို့တို့တွင်သာ တက်ရောက်ခွင့်ရှိကြောင်း သိရသည်။
ထောက်ကြန့်ရွာမှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးမြင့်လွင်က “အစိုးရနည်းပညာ အထက်တန်းကျောင်းဟာ နည်းပညာတက္ကသိုလ် ကျောင်းဝင်းအတွင်းမှာပဲ ရှိပါတယ်။ နည်းပညာအထက်တန်းအောင်ရင် နည်းပညာတက္ကသိုလ်မှာပဲ နီးနီးနားနားတက်ရောက်ခွင့်ရလို့ အစိုးရနည်းပညာအထက်တန်းကျောင်းကို တက်ရောက်ခွင့်ပြုခဲ့ကြတာပါ။ အခုတော့ ဒီမှာမတက်ရတော့ဘဲ အခြားမြို့တွေမှာ သွားတက်ရမယ်လို့ ပြောပါတယ်”ဟု ပြောသည်။
မည်သည့်မြို့တွင် တက်မည်ဆိုသည်ကို နိုဝင်ဘာ ၁၃ ရက် နောက်ဆုံးထားပြီး စာရင်းပေးပို့ခိုင်းသည့် အကြောင်းကြားစာ ပေးပို့ထားကြောင်း၊ ကလေးမြို့မှ အလှမ်းဝေးလွန်းလှသည့် မြို့များတွင်သာ တက်ရောက်ခွင့်ပြုလိုက်သည့်အတွက် ဆက်လက် ကျောင်းထားနိုင်ရေးမှာ မသေချာတော့ကြောင်း ကျောင်းသားမိဘများက ပြောသည်။
No comments:
Post a Comment