Tuesday, November 19, 2013

Canon Camera Image Square များ ရန်ကုန်နှင့် မန္တလေးတွင် ဆက်ဖွင့်မည်

စိုးသန်းလင်း၊ သီဟကိုကို

Canon Camera ၏ Image Square များကို ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ဆက်လက်ဖွင့်လှစ်သွားမည် ဖြစ်ပြီး စက်ရုံတည်ဆောက်ရန်မူ အစီအစဉ်မရှိသေးကြောင်း Canon ကုမ္ပဏီ၏ တောင်နှင့် အရှေ့တောင်အာရှ အမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဋ္ဌဖြစ်သူ Mr. Kensaku Konishi က မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာလ ၁၈ ရက်တွင် နေပြည်တော်တွင် Canon Image Square Showroom(ကင်မရာနှင့် စပ်ဆက်ပစ္စည်းများ အရောင်းပြခန်း) ကို ဖွင့်လှစ်ခဲ့ပြီး ၂၀၁၄ခုနှစ် ပထမ ခြောက်လတာအတွင်း ရန်ကုန်နှင့် မန္တလေးတွင်လည်း ဖွင့်လှစ်သွားမည် ဖြစ်သည်။

Canon၏ Image Square များကို အိန္ဒိယ၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားတို့တွင် ဖွင့်လှစ်ထားပြီး သာမန်ပြခန်းမျိုးမဟုတ်ဘဲ Concert Showroom ဖြစ်ကြောင်း Mr. Kensaku Konishi က ပြောသည်။

Canonက မြန်မာနိုင်ငံတွင် စက်ရုံတည်ဆောက်ရန်မူ လတ်တလောတွင် အစီအစဉ်မရှိသေးကြောင်း Mr. Kensaku Konishi က ဆက်လက်ပြောသည်။

Canon Camera စက်ရုံများသည် ပြည်တွင်းဈေးကွက်ကို ရောင်းချရန်ထက် ကမ္ဘာတစ်ဝန်းတင်ပို့ရောင်းချမှုအတွက် တည်ဆောက်ထုတ်လုပ်ခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် အခြေခံအဆောက်အအုံအားနည်းခြင်း၊ နိုင်ငံတကာသင်္ဘောကြီးများ ရပ်နားရန် ဆိပ်ကမ်းမရှိခြင်း၊ ငွေအပို့အလွှဲများနည်းစနစ်များ အတွက် အဆင့်သင့်မဖြစ်ခြင်းတို့ကြောင့် စက်ရုံတည်ဆောက်ရန် အစီအစဉ်မရှိသေးဟု ၎င်းက ပြောသည်။

Mr. Kensaku Konishi က “စက်ရုံတည်ဆောက်ဖို့က (နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေ)FDI Law ကြောင့်တော့ မဟုတ်ဘူး၊ Production လုပ်ပြီး ကမ္ဘာတစ်ဝန်း တင်ပို့ဖို့ကတော့ အခက်အခဲတွေ အများကြီးရှိတယ်၊ တစ်ချိန်ချိန်တော့ ဖြစ်လာနိုင်ပါတယ်" ဟု ပြောသည်။

ယခုနှစ်ဒီဇင်ဘာလတွင် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲအတွက် နေပြည်တော်တွင် Canonက ၀န်ဆောင်မှု စင်တာများ ဖွင့်သွားမည် ဖြစ်ပြီး ပြည်တွင်း၊ပြည်ပ သတင်းထောက်များ၊ ဓာတ်ပုံဆရာများအတွက် ကင်မရာဆိုင်ရာ ၀န်ဆောင်မှုများအပြင် ကင်မရာ ငှားရမ်းမည့် ၀န်ဆောင်မှုများကို ပေးသွားမည် ဖြစ်သည်။

ဈေးကွက်ဆာဗေးပြုလုပ်သည့် GFK ကုမ္ပဏီ၏ ရလဒ်အရ Canon Camera ဈေးကွက်သည် ကမ္ဘာတစ်ဝန်းတွင် ၄၅ ရာခိုင်နှုန်းနှင့် ၄၇ ရာခိုင်နှုန်း ကြားရှိသည်။

No comments: