Sunday, November 17, 2013

KIA ဝန်ထမ်းဟုဆိုကာ ကချင်အမျိုးသား လေးဦးကို မတရားအသင်းဖြင့် ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်

ဖနိဒါ

နိုင်ငံရေးအကျဉ်းသားများအား နှစ်ကုန်တွင် ချွင်းချက်မရှိဟု ကတိပြုထားသည့်ကြားမှ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်များဟုစွတ်စွဲ၍ ဖမ်းဆီးခံထားရသော ကချင်စစ်ပြေးဒုက္ခသည် လေးဦးအား နိုဝင်ဘာလ ၁၅ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တရားရုံးက ထောင်ဒဏ် နှစ်နှစ်ချမှတ်လိုက်သည်။

မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်ရှိ စစ်ပြေးဒုက္ခသည်စခန်းတွင် ခိုလှုံနေရာမှ ကျွဲနွား ကူမောင်းပေးရန် လိုက်ပါသွားသူ ဦးဘရန်ရုန်း၊ ဦးလဖိုင်ဂမ်၊ ဦးဇော်ဘောက်၊ ကိုမာလ(ခ)လရိန်တို့အား တရားသူကြီး ဦးမြင့်ထူး မတရားအသင်း ပုဒ်မ ၁၇(၁)ဖြင့် ထောင်ဒဏ် နှစ်နှစ်စီ အသီးသီး ချမှတ်လိုက်ခြင်း ဖြစ်သည်။

“နိုင်ငံရေးအရ သူတို့ကို ထောင်ချတာပဲ။ သူတို့က တရားရုံးမှာလည်း ကေအိုင်အေ လုပ်တယ်ဆိုတာကို ငြင်းပယ်တာ မရှိဘူးဆိုပြီး ပြောတယ်။ တကယ်ဆို ကျွန်တော်တို့က ကေအိုင်အေ မဟုတ်ဘူး။ အေအိုင်အေနဲ့ ဆက်သွယ်တာမရှိဘူးဆိုတာ ထွက်ဆိုထားတယ်”ဟု တရားခံများ၏ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

ထိုလေးဦးကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက်ခံ တပ်ရင်း ၃၇ တာလောကြီးကျေးရွာရှိ စစ်ကြောင်းမှ ဗိုလ်ကြီးစိုးပိုင်နှင့်အဖွဲ့က KIA အဖွဲ့ဝင်များဖြစ်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ပြီး တစ်နှစ်ခွဲကျော်အကြာတွင် ထောင်ဒဏ်ချမှတ်လိုက်သည်။

ဗိုလ်ကြီးစိုးပိုင်နှင့်အဖွဲ့က ဖမ်းဆီးပြီးနောက် (စရဖ)မှ ဒုရဲအုပ်ရဲလွင်ထံ ပြန်လည် လွဲပြောင်းပေးခဲ့ပြီး ၄င်းမှ တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့သည်ဟု ဦီးဂျီမခါးက ပြောသည်။

KIA အဖြစ် တာဝန်ထမ်းဆောင်ဖူးခြင်း မရှိကြောင်း တရားခံဟု စွတ်စွဲခံရသူများ အပါအဝင် တရားခံပြသက်သေ ၃၁ ဦးတို့က တရားရုံးတွင် ထွက်ဆိုခဲ့သည့်ကြားမှ ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။ ရှေ့နေ ဦးမာခါးက တရားလိုဘက်မှ စွတ်စွဲချက်များသည် မှန်ကန်မှုမရှိကြောင်း၊ စွတ်စွဲခံရသူများကို အမှုမှ အပြီးအပြတ် လွတ်သောအမိန့်ကိုချမှတ်ပေးပါရန် ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်နေ့က တရားရုံးသို့ လျှောက်ထားခဲ့သေးသည်ဟု ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများကို ၂၀၁၃ခုနှစ်တွင် အကုန်တွင် ချွင်းချက်မရှိပြန်လွှတ်ပေးမည် သမ္မတဦးသိန်းစိန်က ကတိပြုခဲ့ပြီးနောက်ပိုင်းမှ ယင်းသို့ နိုင်ငံရေးပုဒ်မဖြင့် အမိန့်ချခဲ့ခြင်းဖြစ်သည်။ ထို့အကျဉ်းသားများကို အမိန့်ချသည့် နိုဝင်ဘာလ ၁၅ရက်ကလည်း မတရားအသင်းပုဒ်မနှင့် အကျဉ်းကျသူများအပါအဝင် နိုင်ငံရေးအကျဉ်းသား ၆၉ဦးကို တစ်ဆယ့်နှစ်ကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သေးသည်။

ထိုသို့ ဖမ်းဆီးထားမှုအား သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော တရာဥပဒေစိုးမိုးရေးနှင့် အေးချမ်းတည်ငြိမ်ရေးကော်မရှင်တို့ထံ စာတင်ထားသော်လည်း ယနေ့ထိ တစ်စုံတရာ အကြောင်းပြန်ကြားခြင်း မရှိဟု ရှေ့နေ ဂျီမာခါးက ပြောသည်။

“သူတို့ကို လင်တူခြင်းဆက်ဆံခိုင်းတယ်။ ယေရှုလို လက်ဝါးကပ်တိုင်မှာ သေဆုံးတဲ့ ပုံစံတွေ လုပ်ခိုင်းတယ်။ ဒီလို လူ့အခွင့်အရေး ချိုးဖာက်မှုတွေ လုပ်တာတွေကို ကျွန်တော်တို့ စာတင်တယ်။ ဒါပေမဲ့ ဒီနေ့ထိ အရေးယူပေးတာ လုံးဝ မရှိဘူး။ ဒီလို ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖာက်မှုဆိုတာကို လက်မခံပေးတာလား။ မစဉ်းစားပေးတာလားဆိုပြီး မေးချင်တယ်”ဟု ရှေ့နေ ဦးဂျီမာခါးက မဇ္ဈိမကို ပြောသည်။

ထိုတရားခံလေးဦးအား အမိန့်ချမှတ်ပြီးနောက် မြစ်ကြီးနားထောင်ကြီးသို့ ပြန်လည် ခေါ်ဆောင်သွားပြီဖြစ်သည်။ လတ်တလော ကချင်ပြည်နယ် မြစ်ကြီးနားထောင်ကြီးတွင် မတရားအသင်းဖြင့် ဆက်သွယ်သည့် ပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီးခံရသူ အနည်းဆုံး ခုနှစ်ဦးနှင့် ဗန်းမောင်အကျဉ်းထောင်တွင် ၁၀ ဦးခန့် ရှိနေသေးသည်ဟု သိရကြောင်း ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

No comments: