KNG
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၃) တပ်ရင်း (၁၂) ဒေသ မဘိန်းမြို့နယ် KIA ဒေသတွင် ၂ နေရာ၌ ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
KIA တပ်ရင်း ၁၂ ဒေသ ကောင်ရွန် (Gawng Run) ရွာတွင် ယနေ့နံနက် ၉ နာရီခွဲမှ အစိုးရတပ် စစ်အင်အား ၂၀၀ ခန့်ဖြင့် ထိုးစစ်လှုပ်ရှားလာခြင်းကြောင့်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေကြောင်း တပ်ရင်းမှူးဗိုလ်မှူး ဂျွန်းအောင် KNG ကချင်သတင်းဌာန သို့ပြောသည်။
“အခုပြင်းပြင်းထန်ထန် ပစ်ခတ်နေတယ် မနက် ၉ နာရီခွဲကနေ နည်းဗျူဟာ (၃) တွေနဲ့ ပစ်နေကြတာ သူတို့ဘက်ကနေ ပစ်ခတ်ပြီးထိုးစစ်ဆင်လာတဲ့အတွက်နှစ်ဖက်ပြင်းထန်စွာပစ်နေကြတာ” ဟုဆိုသည်။
စစ်အစိုးရတပ် စကခ-၂၁ (ဗန်းမော်) လက်အောက် နည်းဗျူဟာ (၃) မှ ခလရ ၂၇၆၊ ခလရ ၂၂၃၊ ခမရ ၆၀၁ အစိုးရစစ်ကြောင်းသည် မိုင်းနောင်နှင့် ကန်းနီရှိ ဘက်မှ KIA တပ်ရင်း (၁၂) ကောင်ရွန် (Gawng Run) သို့ လက်နက်ကြီးလက်နက်ငယ်များဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်။
ထို့ပြင် မိုင်းခေါင် (Mung Hkawng)မှ ထိုးစစ်ဆင်လာသော အစိုးရတပ်နှင့် KIA တပ်ရင်း (၁၂) ကြား ခေါ်ယန် (Mahkaw Yang) ရွာတွင် နှစ်ဖက်တပ်မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်ရင်း (၁၂) မှ ဆလန် လဖိုင်လဒွဲ KNG ကချင်သတင်းဌာန သို့ပြောသည်။
“မခေါ်ယန်မှာ ဒီမနက် ၁၀ နာရီခွဲကနေ ပစ်ကြတာ ဗျူဟာ (၃)တွေဟုတ်တယ် အင်အား ၁၀၀ ကျော်မယ် လက်နက်ကြီးတွေနဲ့ ပစ်တယ်” ဟုပြောသည်။
KIA တပ်ရင်း (၁၂) ဒေသ မုန်းဒိန်ပါ၊ မခေါ်ယန်၊ နမ်ဖူ၊ ကောင်ဂျာ၊ နမ်ခန်၊ ကောင်ရွန် ရွာများမှ ရွာသားများသည် နှစ်ဖက်တပ်မှ ပစ်ခတ်မှုများရှိနေဆဲဖြစ်သောကြောင့် လုံခြုံရာနေရာဒေသ အသီးသီးသို့ထွက်ပြေးတိမ်းရှောင် နေရကြောင်းသိရသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO သည် ပြီးခဲ့သည့် အပတ်အတွင်း တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးကိစ္စကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနှင့် ဌာနချုပ်လိုင်ဇာတွင် ညီလာခံပြုလုပ်ဆွေးနွေးခဲ့ရာ အစိုးရနှင့် အပစ်ရပ်ရေးသည် လက်မှတ်ထိုးခြင်းမဟုတ်ပဲ နိုင်ငံရေးနည်းလမ်းဖြင့် ဆက်လက်ဆွေးနွေးသွားရန် အရေးကြီးကြောင်းပြောဆိုခဲ့သည်။

No comments:
Post a Comment