Friday, November 15, 2013

ရခိုင်ကမ်းရိုးတန်းဒေသ လုံခြုံရေး နှစ်ဆတိုးမြှင့်ရန် UNHCR တိုက်တွန်း

ကေဇင်ဦး

မိုးလွန်ကာလတွင် ပင်လယ်ပြင်ရာသီဥတု တည်ငြိမ်မှုရှိလာသည့်အတွက် ယခုပင်လယ်ဘက်မှတစ်ဆင့် ဒုက္ခသည်များ ထွက်ပြေးမှု၊ ရောက်ရှိမှုများရှိလာနိုင်သဖြင့် ရခိုင်ကမ်းရိုးတန်းဒေသ ပင်လယ်ပြင်လုံခြုံရေး ကို နှစ်ဆတိုးမြှင့်ရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က အစိုးရကို တိုက် တွန်းလိုက်ကြောင်း UNHCR ၏ မြန်မာပြည်တာဝန်ခံ သတင်းနှင့်ပြန်ကြားရေး တွဲဘက်အရာရှိMedea Savary က နိုဝင်ဘာ ၁၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

“မိုးကာလ ကုန်ဆုံးသွားတဲ့အတွက် ဒုက္ခသည်တွေ ပင်လယ်ပြင်ထဲကိုထွက်ခွာပြီး စက်လှေတွေ ခိုးထွက် ခြင်းတွေ လုပ်ဆောင်လာတာကို တွေ့ရတဲ့အတွက် ဒီကိစ္စကို ကာကွယ်ရန် အစိုးရနဲ့ နိုင်ငံတကာအသိုင်း အ၀ိုင်းမှ ပင်လယ်ပြင်လုံခြုံရေးကို နှစ်ဆမြှင့်တင်ပေးဖို့ လိုအပ်တယ်”ဟု ၎င်းက ပြောသည်။

နိုဝင်ဘာ၃ရက်က ရခိုင်ကမ်းရိုးတန်းတွင် လူ၇၀ပါဝင်သော ဘင်္ဂါလီစက်လှေတိမ်းမှောက်ရာ ရှစ်ယောက် သာ ပြန်တွေ့သည်ဆိုသော နိုင်ငံတကာသတင်းနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့က အတည်ပြုနိုင် ခြင်းမရှိသေးဟု ဆိုလိုက်ရာ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး UNHCR ၏ သဘောထားမှတ်ချက်ကို မဇ္ဈိမက မေးမြန်းရာတွင် ယင်းသို့ ထည့်သွင်းဖြေကြားလိုက်ခြင်း ဖြစ်သည်။

Medea Savary ကဆက်လက်ပြီး “သင်္ဘောဆိုက်ကပ်ခြင်းနှင့် ထွက်ခွာခြင်းကိစ္စရပ်များတွင် ပိုမိုချောမွှေ့ စေရန် ဆောင်ရွက်ပေးရေးကိုလည်း ဒေသခံအစိုးရကို တောင်းဆိုပါတယ်”ဟု ဆိုသည်။

ဘင်္ဂါလီလူမျိုး အယောက် ၇၀ စီးနင်းလိုက်ပါသွားသော သင်္ဘောနစ်မြုပ်မှုနှင့်ပတ်သက်၍ ပြည်ပသတင်း ဌာနများက ရေးသားကြမှုအပေါ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ယင်းဖြစ်စဉ်ကို အတည်ပြုနိုင်ခြင်းမရှိဟု နိုဝင်ဘာ ၅ ရက်က မဇ္ဈိမကို ပြောကြားထားသည်။

လုံခြုံရေး တိုးမြှင့်ချထားခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီဥက္ကဋ္ဌ ဥပဒေချုပ်ဦးလှသိန်းက “ပင်လယ်ပြင်လုံခြုံရေးက ကျွန်တော်တို့က ယခင်ကတည်းက လုံခြုံတဲ့ အစီအမံ တွေ ချထားတယ်၊ ရခိုင်ပြည်နယ် ပြဿနာက ခိုးဝင်လာတဲ့ကိစ္စကို အခြေခံတဲ့အတွက် ဒီလိုလုံခြုံရေးကို အခု ပိုပြီး ဂရုစိုက်တယ်။ ဒီကိစ္စကိုလည်း ကျွန်တော်တို့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် သတင်းရယူပြီးပြီ ဖြစ်မှမဖြစ်တာ ဒါကို ဘယ်လို ထပ်ပြီး လုံခြုံရေးတင်းကြပ်ရမလဲ”ဟု မဇ္ဈိမသို့ ပြောသည်။

ထို့အပြင် အမေရိကန်သံရုံးကလည်း အဆိုပါ ဘင်္ဂါလီ ၇၀ ဦး လှေနစ်မြုပ်သည့်ကိစ္စကို နိုဝင်ဘာ ၅ ရက် က ၀မ်းနည်းကြောင်း သတင်းထုတ်ပြန်ထားသည်။

UNHCR သည် ရခိုင်ပြည်နယ်အတွင်းသို့ ၁၉၉၄ ခုနှစ်မှ စတင်ဝင်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးနှင့် လုပ်ငန်းများကို အစိုးရနှင့် ပူးပေါင်းလုပ်ကိုင်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းရှိ လူမျိုးစုနှစ်စု၏ ပဋိပက္ခမှ ပေါ် ပေါက်ခဲ့သော ဒုက္ခသည် ၁၄၀,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာအပါအ၀င် အခြား အကူအညီများလည်း ထောက်ပံ့ပေးလျက်ရှိသည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

No comments: