ဖိုးစိုးသူ
မီတာခများ တိုးမြှင့်ကောက်ခံပြီဖြစ်သော်လည်း လျှပ်စစ်မီး အချိန်ပိုင်းသာ ရရှိမည်ဖြစ်၍ အခက်အခဲများ ကြုံတွေ့နေရသည်ဟု တောင်ဒဂုံစက်မှုဇုန်(၂) လုပ်ငန်းရှင်များက ဧပြီ ၂ ရက်တွင် မဇ္ဈိမကို ထုတ်ဖော်ပြောဆိုသည်။
“ကျွန်တော်တို့က ကားဘော်ဒီပြင်ဆိုင်ဖြစ်လို့ သိပ်ပြဿနာမရှိပါဘူး။ လုပ်ငန်းကြီးတွေဖြစ်တဲ့ ပလပ်စတစ် စက်ရုံ၊ အထည်ချုပ်စက်ရုံတွေကတော့ လျှပ်စစ်အဓိကနဲ့ လုပ်ကြရတာဖြစ်လို့ အခက်ခဲပိုဖြစ်နိုင်တယ်။ ကျွန်တော်တို့ကတော့ လုပ်အားနဲ့ ကိုယ်ပိုင်မီးစက်မောင်းလို့ရတယ်။ လုပ်ငန်းကြီးတွေအတွက်တော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး”ဟု စက်မှုဇုန်လုပ်ငန်းရှင် ဦးညီညီက မဇ္ဈိမကို ဆိုသည်။
တောင်ဒဂုံစက်မှုဇုန်၌ ယင်းသို့ အချိန်ပိုင်းသာ မီးပေးမည်ဆိုခြင်းကို ဇုန်(၂) ကော်မတီဥက္ကဋ္ဌ ဦးကိုလေး က အတည်ပြုခဲ့ပြီး ဓာတ်အားပေးပို့နေသည့် 30 KVA ထန်စဖော်မာ ပျက်စီးသွား၍ 10 KVA ဖြင့်သာ ပေး ဝေရမည်ဖြစ်သဖြင့် ယင်းသို့ စီစဉ်ရခြင်းဖြစ်သည်ဟု ဆိုသည်။
“30 KVA ထရန်စဖော်မာတစ်လုံးကို သိန်းထောင်ကျော်ပေးရတယ်။ ပြန်ပြီးလဲပေးဖို့ မတတ်နိုင်ဘူး။ အဲတော့ 10 KVA နဲ့ အစားထိုးပြီး ပေးတယ်။ စက်မှုဇုန်(၂) တစ်ခုတည်းကိုမဟုတ်ဘူး။ ၁၊၂၊ ၃ အားလုံးကို အလှည့်ကျနဲ့ ပေးသွားမှာဖြစ်တယ်”ဟု ဆိုသည်။
အလှည့်ကျဓာတ်အားပေးစနစ်ကို ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က သတ်မှတ်ပေးခြင်းဖြစ်ကာ ဇုန်တစ်ခုစီကို တစ်နေ့ ရှစ်နာရီ ပို့လွှတ်မည်ဖြစ်သည်။ သို့သော် မီတာခကိုမူ သတ်မှတ်ထားသည့် နှုန်းထားအတိုင်းသာ ပေးဆောင်ရမည်ဟု တောင်ဒဂုံစက်မှုဇုန်(၂) ကော်မတီဥက္ကဋ္ဌ ဦးကိုလေးက ဆိုသည်။
ထို့ကြောင့် ကိုယ်ပိုင်မီးစက်ဖြင့် မောင်းနှင်နေရသဖြင့် အလုပ်မတွင်ကျယ်ခြင်း၊ ငွေကုန်ကြေးကျ ပိုမိုများပြားခြင်းတို့ တွေ့ကြုံနေရသည်ဟု လုပ်ငန်းရှင်ဦးညီညီက ပြောသည်။ အခြားသော လုပ်ငန်းရှင်တစ်ဦး ဖြစ်သူ ဦးအောင်ဌေးကမူ ဆန္ဒဖော်ထုတ်ရန်ပင် စီစဉ်နေသည်ဟု အီးမေးလ်မှတစ်ဆင့် ဆက်သွယ်ပြော ကြားသည်။
“လျှပ်စစ်မီးကို အပြည့်ဝမပေးဘဲ အလှည့်ကျပေးတယ်။ နေ့ဘက်မီးမလာလို့ အလုပ်သမားတွေ အလုပ် မလုပ်ရဘူး။ စက်ရုံပိုင်ရှင်တွေ ဆီဖိုးကုန်၊ မီးမလာ၊ ညအချိန်မတော် အလုပ်လုပ်ရတာတွေ သည်းမခံနိုင် လို့ စက်မှုဇုန်(၂)ရှေ့မှာ ဆန္ဒဖော်ထုတ်မယ်”ဟု ၎င်း၏ အီးမေးလ်တွင် ရေးသား ဖော်ပြထားသည်။
တောင်ဒဂုံစက်မှုဇုန်တွင် ကားဘော်ဒီလုပ်ငန်း၊ ၀ရိန်ဆော်လုပ်ငန်း၊ သစ်ခွဲလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ ပလပ်စတစ်လုပ်ငန်းနှင့် အသေးစား အိမ်တွင်းမှု လုပ်ငန်းများ အဓိက လုပ်ကိုင်ကြသည်။ ယင်းတို့အနက် ဇုန်(၂)တစ်ခုတည်းတွင် စက်ရုံပေါင်း ၈၁၂ ရုံရှိသည်။
No comments:
Post a Comment