စည်သူမောင်မောင်
ဧရာဝတီတိုင်းအတွင်းရှိ လယ်ယာမြေအငြင်းပွားမှုများ ဖြေရှင်းရာတွင် တိုင်းအစိုးရ လုပ်ကိုင်ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး ကျေးရွာ လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီ၏ ဆုံးဖြတ်ချက်များအတိုင်း ဆုံးဖြတ်နေပြီး အောက်ခြေအဆင့်အထိ စိစစ်ဆောင်ရွက်မှု မရှိသည့်အတွက် ကျေနပ်စရာဖြစ်မလာကြောင်း ရေကြည်မြို့ နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးက ဝေဖေန်လိုက်သည်။
“ကျေးလယ်/စီ ကော်မတီမှာ ကျေးရွာအုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌ၊ မြေတိုင်းစာရေးက အတွင်းရေးမှူး၊ သူတို့ လုပ်တဲ့အပေါ်မှာ သူတို့ဆုံးဖြတ်လိုက်တဲ့အတိုင်း မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်တွေက အောက်ခြေဆုံးဖြတ်ချက်အတိုင်းပဲ ပြန်ဆုံးဖြတ်တယ်”ဟု ဆိုသည်။
မြေယာပြဿနာများ ဖြေရှင်းရာတွင် အမှန်တကယ် ပြေလည်မှုရှိရန် အငြင်းပွားမှုများကို အောက်ခြေအဆင့်အထိ သွားရောက်စစ်ဆေးရန် လိုအပ်ကြောင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့် ဆုံးရှုံးနေသည့် လယ်သမား များ တင်ပြလာသည်ကိုလည်း အလေးထားရန် လိုကြောင်း ဒေါက်တာလှမြသွေးက ဆိုသည်။
ကျေးရွာ မြေယာစီမံခန့်ခွဲရေးကော်မတီက မြေယာအငြင်းပွားမှုများ ဖြေရှင်းရာတွင် ဘက်လိုက်မှုများရှိနေသည်ဟုလည်း ရေကြည်မြို့နယ်၊ ရုံးတုံကျေးရွာမှ မြေသိမ်းဆည်းခံထားရသည့် လယ်သမားတစ်ဦးဖြစ်သူ ဦးချစ်ဝင်းက ပြောဆိုထားသည်။
ကော်မတီသည် ၎င်းပိုင်ဆိုင်သည်ဟုဆိုသည့် ပိုင်ဆိုင်မှုအငြင်းပွားလယ်မြေ ၈ ဒသမ ၀၈ ဧကနှင့်ပတ်သက်ပြီး တစ်ဖက်သတ် စစ်ဆေးဆောင်ရွက်သည်ဟုဆိုကာ ဝေဖန်ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။
“ကျေးရွာစီမံခန့်ခွဲမှုကော်မတီ မြေယာအမှုခင်းဖွင့်ပြီး တိုင်ကြားတော့ တစ်ဖက်ကိုချည်း စစ်ဆေးပြီးတော့ ဆုံးဖြတ်အရှုံးပေးခဲ့တယ်”ဟု ဦးချစ်ဝင်းက ဆိုသည်။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကျေးရွာလယ်ယာမြေစီမံခန့်ခွဲရေးကော်မတီ ဆုံးဖြတ်ချက်များ တောင်းယူရာ ကော်မတီမှ ပေးအပ်မှုမရှိကြောင်း၊ အောက်ခြေကော်မတီများအပါအ၀င် ဌာနဆိုင်ရာများမှလည်း တောင်းဆိုကြည့်ရှုခွင့် မပြုကြောင်း ဒေါက်တာလှမြတ်သွေးက ဆိုသည်။
ရပ်ကျေးမြေယာစီမံခန့်ခွဲမှုကော်မတီတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးသည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး မြေတိုင်းစာရေးသည် အတွင်းရေးမှူး အဖြစ်လည်းကောင်း တောင်သူလယ်သမား ကိုယ်စားလှယ်တစ်ဦး၊ရပ် ကွက်အုပ်ချုပ်ရေးစာရေးနှင့် ရပ်မိရပ်ဖတို့သည် အဖွဲ့ဝင်များ အဖြစ်လည်းကောင်း ပါဝင်ဖွဲ့စည်းထားသည်။
No comments:
Post a Comment