အေးမြင့်စန်း
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းနည်းဥပဒေ မထွက်မချင်း လျှောက်ထားဆဲဖြစ်သည့် စာစောင် ၃၀ ကို ထုတ်ဝေခွင့် ဆိုင်းငံ့ထားမည်ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ညွှန်ကြားရေးမှူး ဦးအောင် ကျော်ဦးက ပြောကြားလိုက်သည်။
ထုတ်ဝေခွင့်မရသည့် စာစောင်များမှာ Myanmar Eleven နေ့စဉ်သတင်းစာ (အင်္ဂလိပ်ဘာသာ)၊ ပြည်သူ့ခွန်အားနေ့စဉ်သတင်းစာ (မြန်မာဘာသာ) ၊People Power Daily တို့ပါဝင်ပြီး စိစစ်ဆဲဂျာနယ်များမှာ ယနေ့သံတော်ဆင့်သတင်းဂျာနယ်၊ ရခိုင်အစ္စလာမ်ယဉ်ကျေးမှု ဘာသာရေးစာစောင်၊ ဒီမိုကရေစီ ရောင်စဉ် သတင်းဂျာနယ်၊ ဟိဒါယဒ်အစ္စလာမ် လမ်းညွှန်စာစောင်အပါအ၀င် ဂျာနယ်၁၇ စောင်နှင့် အထွေထွေထုတ်ဝေစာ ၇စောင်၊ မဂ္ဂဇင်း၃စောင်တို့ဖြစ်သည်။
“ပုံနှိပ်နည်းဥပဒေထွက်မှ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးမှာပါ။ နည်းဥပဒေအတည်ပြုပြီးရင် အခုဆိုင်းငံ့ထားတဲ့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း အကုန်လုံး အသစ်ပြန်လျှောက်ရမှာဖြစ်ပါတယ်” ဟု ဦးအောင်ကျော်ဦးက ပြောသည်။
ရန်ကုန်မြို့ရှိ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးရုံးတွင် ဧပြီ ၅ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်း ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောဆိုလိုက်ခြင်းဖြစ်သည်။
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေကို အတည်ပြုနိုင်ရန် သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်း ထုတ်ဝေသူများထံ အကြံပြုချက်တောင်းခံထားပြီး လာမည့် ဇွန်လအတွင်း နည်းဥပဒေထွက်ရှိရန် လျာထားသည်ဟုလည်း ၎င်းက ပြောသည်။
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို မတ် ၄ ရက်တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပြီး သမ္မတက ဆက်လက်အတည်ပြု လက်မှတ်ရေးထိုးရန် ပေးပို့ထားပြီးဖြစ်သည်။
No comments:
Post a Comment