Wednesday, April 2, 2014

ဟိုင်းလတ်ယာဉ် မြို့တွင်းဝင်ခွင့် ကန့်သတ်သော်လည်း အောင်တံခွန်ယာဉ်လိုင်း ဆက်လက်ပြေးဆွဲ

အေးမြင့်စန်း

ရန်ကုန် စည်ပင်သာယာနယ်နိမိတ်အတွင်း ခရီးသည်တင်ဟိုင်းလတ်ယာဉ်များ ပြေးဆွဲခွင့်ကို ဧပြီ ၁ ရက် က စတင် ကန့်သတ်လိုက်သော်လည်း တိုက်ကြီးမြို့နယ်၊ အောင်တံခွန် ဟိုင်းလတ်ယာဉ်လိုင်းက ၀င်ရောက်ပြေးဆွဲမှု ပြုလုပ်ခဲ့သည်ဟု ယာဉ်လိုင်းဒု-ဥက္ကဋ္ဌ ဦးကင်လင်းက မဇ္ဈိမကို ပြောသည်။

“ထောက်ကြန့် ရွှေညောင်ပင်ကုန်းကနေ ဟိုင်းလတ်တွေကို တားပြီး ကားပေါ်ကခရီးသည်တွေကို တခြားကားတွေပေါ် တင်ပေးတယ်။ ရွှေညောင်ပင်ကုန်းနားမှာ ဟိုင်းလတ် အစီး ၂၀၊ ၃၀ ဖြစ်သွားတဲ့အခါ ပိတ်လို့မနိုင်ဘူးဖြစ်သွားတယ်။ ယာဉ်မောင်းတွေက ဘယ်ဥပဒေနဲ့ လမ်းကြောင်းပိတ်တာလဲ ၀ိုင်းမေးကြလို့ မူလလမ်းကြောင်းအတိုင်း ပြေးဆွဲခွင့်ပေးလိုက်တယ်”ဟု ၎င်းက ပြောသည်။

ဧပြီ ၁ ရက် နံနက် ၁၀ နာရီခန့်က တိုက်ကြီးမှပြေးဆွဲလာသည့် ဟိုင်းလတ်ယာဉ် ၁၄ စီးခန့်ကို စည်ပင်၊ ယာဉ်ထိန်းရဲအဖွဲ့ ဗဟိုမထသအဖွဲ့တို့က ကန့်သတ်နယ်မြေအတွင်း ၀င်ရောက်ပြေးဆွဲခြင်းမပြုရန် တားမြစ်ခဲ့ခြင်းဖြစ်သည်။ ခရီးသည်များကို အခြားယာဉ်များပေါ် ပြောင်းလဲ တင်ဆောင်ပေးခဲ့သော်လည်း ကား အစီးရေများလာသည့် ၁၁ နာရီခန့်တွင် ရန်ကုန်စည်ပင် နယ်နိမိတ်အတွင်း ၀င်ရောက်ပြေးဆွဲကြခြင်းဖြစ် သည်။

ယင်းသို့ပြေးဆွဲခြင်းမှာ မြို့တွင်းဝင်ရောက်ရန် ခွင့်ပြုလိုက်ခြင်းမဟုတ်ဘဲ အဆိုပါအခြေနေကို တိုင်းအစိုးရ ထံ ပြန်လည်တင်ပြမည်ဟု မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးလှ အောင်က ပြောသည်။

“ကြေညာချက်ကို ပြန်လည်ရုပ်သိမ်းဖို့ ညွှန်ကြားထားတာ မရှိသေးတဲ့အတွက် ခရီးသည်တင် ဟိုင်းလတ်ယာဉ်တွေကို စည်ပင်နယ်နိမိတ် အတွင်း ပြေးဆွဲခွင့် မပြုသေးပါဘူး။ ထောက်ကြန့်နားမှာ ညှိနှိုင်းပေးခဲ့ရ တဲ့ အခြေအနေတွေကို အစိုးရအဖွဲ့ထံ တင်ပြသွားမှာပါ” ဟု ပြောသည်။

ပြေးဆွဲခွင့်ပိတ်ပင်ခြင်းကြောင့် အဆိုပါယာဉ်လုပ်သားများက မတ် ၃၀ နှင့် ၃၁ ရက်တွင် ဆန္ဒဖော်ထုတ်ခဲ့ သေးသည်။

No comments: