Saturday, April 19, 2014

အရက် အလွန်အကျွံသောက်သည့် အမျိုးသမီးကို အရက်ဖြတ်ဆေး တိုက်ပြီးနောက် သေဆုံး

ဇော်ဇော်ထွေး

မြောက်ဥက္ကလာပမြို့နယ်တွင် အရက်အလွန်အကျွံသောက်သည့် အမျိုးသမီးကို ခင်ပွန်းဖြစ်သူက အရက်ဖြတ်ဆေးတိုက်ခဲ့ပြီးနောက် သေဆုံးခဲ့သဖြင့် မြို့နယ်ရဲစခန်းက ဧပြီ ၁၈ရက်တွင် အမှုဖွင့် စစ်ဆေးနေသည်။

အမှုမှာ ဧပြီ ၁၈ ရက် ၃နာရီကျော်အချိန်က မြောက်ဥက္ကလာပဆေးရုံကြီးတွင် အမျိုးသမီးတစ်ဦး သေဆုံးရောက် ရှိလာကြောင်း သတင်းအရ မြို့နယ်ရဲစခန်းက သွားရောက် စစ်ဆေးခဲ့သည်ဟု တိုင်းရဲဌာနက သတင်းထုတ်ပြန်ထားသည်။

သေဆုံးသူမှာ မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်၊ နွယ်နီ (၆)လမ်းတွင် နေထိုင်သူဖြစ်သည်ဟု ရဲက အတည်ပြုထားသည်။

သူမမှာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိသဖြင့် မေးမြန်းရာ ဧပြီ ၁၆ ရက်ည ၈ နာရီက သေဆုံးသူသည် အရက်အလွန်အကျွံသောက်သဖြင့် ခင်ပွန်းဖြစ်သူက ဘာမီတွန် (၁)လုံးနှင့် သေဆုံးသူ၏ မိခင်မှ ပေးခဲ့သည့် CHRONOL 500 mg (အရက်ဖြတ်ဆေး) အဖြူရောင်ဆေးပြား တစ်ခြမ်းတို့ကို ရောက်တိုက်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် ဧပြီ ၁၈ ရက်ညနေတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသဖြင့် အလောင်းအား ဆက်လက်စစ်ဆေးရန် ဆေးရုံက ပီအာ၇် ၃၀ ဖြင့် လက်ခံထားသည်။

ယင်းသေဆုံးမှုကိုလည်း ဓမ္မတာတိုင်း သေဆုံးခဲ့ခြင်း ဟုတ်မဟုတ် ဆက်လက်စစ်ဆေးပေးရန် ဒုရဲအုပ် တင်ထွန်းက တရားလိုပြုလုပ် တိုင်တန်းလိုက်သည်။

ထို့ကြောင့် မြို့နယ်ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၁၁/၂၀၁၄)ဖြင့် အမှုဖွင့်ပြီး သေဆုံးရသည့် အကြောင်းရင်းမှန်ကို သိရှိနိုင်ရန် စစ်ဆေးနေလျက်ရှိသည်။

No comments: