ဇော်ဇော်ထွေး
သင်္ကြန်အတွင်း ရေကစားမဏ္ဍပ်တစ်ခု အနီးတွင် ဆွဲကြိုးဖြတ်မှုတစ်ခုတွင် ပြစ်မှုကျူးလွန်သူကို အရေးယူ ပေးရန် ကာယကံရှင်က ဧပြီ ၂၂ တွင် အမှုဖွင့် တိုင်းတန်းလိုက်သဖြင့် အမှုဖွင့် ဆောင်ရွက်နေသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ အမှုမှာ ဧပြီ ၁၆ သင်္ကြန်အတက်နေ့က လှိုင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ ပြည်လမ်းရှိ ချန်နယ်ဖိုက် ရေကစားမဏ္ဍပ်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ယင်းနေ့က တောင်ဒဂုံမြို့နယ်နေ တရားလိုဖြစ်သူ မမေဇော်ဦး(၃၀)နှစ်သည် မဏ္ဍပ်မှသီချင်းဖြင့် ဖျော်ဖြေ နေသည်ကို ကြည့်ရှုနေစဉ် အမျိုးသားတစ်ဦးက ရင်သားအား လှမ်းကိုင်သဖြင့် ပါးရိုက်ခဲ့သည်ဟု ဆိုသည်။
ထိုအချိန်မှာပင် ကျော်သက် (၂၁)နှစ်၊ လှိုင်သာယာမြို့နယ်နေသူက လည်ပင်းတွင် ဆွဲထားသည့် အလေး ချိန်ငါးမူးသားရှိ ကျပ် သုံးသိန်းခြောက်သောင်းခွဲတန် ရွှေဆွဲကြိုးကို ဆွဲဖြတ်သည်ဟု ရဲတိုင်ရာတွင်ထွက်ဆို ထားသည်။
ထို့ကြောင့် လက်အားလှမ်းဆွဲပြီး ဆွဲကြိုးအား ပြန်တောင်းရာ ကျော်သက်ငြင်းဆန်နေသဖြင့် ကမာရွတ် ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
ယင်းအမှုတွင် ကျော်သက်ထံမှ လက်ကိုင်ဖုန်းတစ်လုံးကိုပါ သိမ်းဆည်းရမိခဲ့သဖြင့် ကမာရွတ်ရဲစခန်းက (ပ)၁၈၁/ ၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၇၉ (နှိုက်)/၅၄ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
ထို့နောက် ရွှေဆွဲကြိုးဖြတ်မှုနှင့် အရေးယူပေးရန် မမေဇော်ဦးက လှိုင်ရဲစခန်းတွင် ထပ်မံအမှုဖွင့် တိုင်တန်း လိုက်သဖြင့် ရဲစခန်းက (ပ)၂၃၀/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အရေးယူရန် တိုင်တန်းခံထား ရသူကို ဆက်လက် စစ်ဆေးနေသည်ဟု ဆိုသည်။
No comments:
Post a Comment