Saturday, April 26, 2014

စိတ်ကြွဆေးပြားရောင်းသူတစ်ဦး ကြည့်မြင်တိုင်တွင် ဖမ်းဆီးရမိ

ဇော်ဇော်ထွေး

ကြည့်မြင်တိုင်မြို့နယ်၊ သရက်တော တောင်ရပ်ကွက်တွင် စိတ်ကြွမူးယစ်ဆေးပြား ရောင်းချသူတစ်ဦးဟု သံသယရှိထားသူ တစ်ဦးကို မြို့နယ်ရဲတပ်ဖွဲ့က ဧပြီ ၂၁ ရက် မွန်းလွဲပိုင်းတွင် ဖမ်းဆီးလိုက်သည်။

နယ်မြေခံရဲတပ်ဖွဲ့သည် သရက်တော ရပ်ကွက်၊ ကမ်းနားလမ်းနှင့် သရက်တော (၂)လမ်းထောင့်တွင် လူတစ်ဦး မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းရရှိသဖြင့် သက်သေများနှင့်အတူ မွန်းလွဲ ၂ နာရီ ကျော်အချိန်တွင် သွားရောက်စောင့်ဆိုင်း ကြည့်ရှုခဲ့ခြင်း ဖြစ်သည်။

ထိုနေရာတွင် ရှမ်းပြည်နယ် ကလောမြို့နယ် အမှတ် (၅)ရပ်ကွက်နေ မင်းမင်း (ခ)ရဲဝင်းနိုင်ဆိုသူကို မသင်္ကာသဖြင့် ရှာဖွေခဲ့ရာ Polo တံဆိပ်ပါ ဖြူပြာကြား ရှပ်အင်္ကျီ ၀ဲဘက်အိတ်ကပ်အတွင်းမှ အနက်ရောင် အိတ်ဖြင့် ထုပ်ထားသည့် WY စိတ်ကြွရူးသွပ်ဆေးပြား ငါးပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို တွေ့ရှိခဲ့ သည်ဟု ဆိုထားသည်။

ယင်းအပြင် သံသယရှိခံထားရသူ ၀တ်ဆင်ထားသည့် အနက်ရောင် အတွင်းခံ ဘောင်းဘီအိတ်အတွင်း မှာလည်း WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၀ ပြားကို တွေ့ရှိသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

မူးယစ်ဆေးဝါး ရောင်းချရသည့် ငွေဟု ယူဆထားသည့် ငွေကျပ် ၁၁ သိန်းကျော်နှင့် ငွေကျပ် ရှစ်သိန်းခုနစ် သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့မှုကြောင့် မင်းမင်း(ခ) ရဲဝင်းနိုင်ကို အရေးယူပေးရန် ဒု-ရဲအုပ် ဖြိုးဝေမင်းက တရားလိုပြုလုပ်တိုင် တန်းထားသည်။

ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက မူးယစ်(ပ)၂/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉ (က)/၂၀(က)ဖြင့် အရေးယူရန် ပြစ်မှုထင်ရှား ခြင်း ရှိ မရှိ တိုင်တန်းခံရသူကို ဖမ်းဆီး စစ်ဆေးနေသည်ဟု ဆိုထားသည်။

No comments: