ဂျွန်ချစ်ငြိမ်း
သန်းခေါင်စာရင်းကောက်ခံသည့်အဖွဲ့ ကျွေးမွေးရန်အတွက်ဟုဆိုကာ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်း မြို့နယ် နန့်တုတ်ကျေးရွာအုပ်စုတွင် ကျေးရွာအုပ်ချုပ်ရေးမှူးမှ ငွေကောက်ခံခိုင်းသည်ဟု ယင်းကျေးရွာနေ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးထွန်းချစ်က ဧပြီ ၂ ရက်တွင် ပြောသည်။
“တစ်အိမ်ထောင်ကို ကျပ် ၅၀၀ ကောက်တယ်။ ပေးရတာ အခက်ခဲမရှိပါဘူး။ ဒါကို ကောက်ခံပိုင်ခွင့် ရှိ လား၊ မရှိလားဆိုတာ သိချင်တာပါ”ဟု ဆိုသည်။
နန့်တုတ်ကျေးရွာအုပ်စုအတွင်းရှိ အိမ်ခြေ ၁၀၀ ကျော်နှင့် ကုန်းသာကျေးရွာရှိ အိမ်ခြေ ၁၂၇ အိမ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံငြိမ်းက ကောက်ခံခိုင်းခြင်းဖြစ်သည်ဟု ငွေလိုက်ကောက်ခံပေးနေသည့် နန့် တုတ်ကျေးရွာမှ ဆယ်အိမ်မှူးဦးအောင်မျိုးက မဇ္ဈိမကို ပြောသည်။
“ကျွန်တော်တို့ကို ဖထီး (ရပ်ကျေးအုပ်ချုပ်ရေးမှူး)က သန်းခေါင်စာရင်းကောက်တဲ့ အဖွဲ့တွေ ထောက်ပံ့ ကျွေးမွေးဖို့ ကောက်ခိုင်းလို့ ကောက်ရတာပါ” ဟု ပြောသည်။
နန့်တုတ်ကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာမှ ဦးဇော်မြတ်မိုးက “နောင်လည်း ဒီလိုလုပ်နေမှာ စိုးတော့ မကောက်စေချင်ဘူး”ဟု ပြောသည်။
ကုန်းသာကျေးရွာတွင် တစ်အိမ်ထောင်လျှင် ကျပ် ၂၀၀ ကောက်ခံခိုင်းပြီး သန်းခေါင်စာရင်းမကောက်ခံမီ နှစ်ရက်အလိုခန့်က ရပ်ကျေးအုပ်ချုပ်ရေးမှူးက ဆယ်အိမ်မှူး၊ ရာအိမ်မှူးများအား အစည်းဝေးခေါ် ပြောဆိုခဲ့ ခြင်းဖြစ်သည်ဟု ကုန်းသာကျေးရွာမှ ရာအိမ်မှူးဖြစ်သူ ဦးစိုင်းသူက ဆိုသည်။
“အစည်းဝေးလည်းမတက်လိုက်ဘူး။ ကုန်းသာရွာမှာ ပိုက်ဆံလည်း လိုက်မကောက်ပါဘူး။ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့အတွက် ငွေ ၂၀,၀၀၀ ကျပ်ကို ကျွန်တော်ပဲ စိုက်ပေးလိုက်တယ်”ဟု ၎င်းက ဆိုသည်။
ပင်လောင်းမြို့နယ်၊ နန့်တုတ်ကျေးရွာအုပ်စုအတွင်း ကျေးရွာပေါင်း ၂၀ ကျော်ရှိပြီး ရှမ်းနှင့် ပအိုဝ်းတိုင်းရင်းသားများ အများဆုံး နေထိုင်သည်။
No comments:
Post a Comment