Sunday, April 13, 2014

နိုင်ငံတကာ အန်ဂျီအိုများဘက်လိုက်သည်ဟု ရခိုင်ဒေသခံများ ယူဆပါက ရှင်းပြနိုင်ရန်လိုအပ်သည်ဟု ကုလပြော

ကေဇူး

နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များ အနေဖြင့် ဘက်လိုက်သည်ဟု ဒေသခံများက ယူဆခြင်းခံရပါက ရှင်းပြနိုင်ရန်လိုအပ်ပြီး ရခိုင်အသိုင်းအ၀ိုင်းကို အကူအညီများ ပိုမိုပေးအပ်ရန်လိုအပ်သည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Renata Dessallien က ဧပြီ ၉ရက်တွင် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးအပ်လျှက်ရှိသော နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ တိုက်ခံရခြင်းနှင့်ပတ်သက်၍ အစိုးရ၏ စုံစမ်းစစ်ဆေးရေးကော်မရှင်က လုပ်ဆောင်ချက်များကို ကုလသမဂ္ဂက ကြိုဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယဉ်ကျေးမှုဓလေ့ထုံးစံများကို ဂရုမစိုက်ဟု ယူဆခြင်းခံရပါက၊ ကျွန်မတို့အနေဖြင့် ယဉ်ကျေးမှု နှင့်၊ ပဋိပက္ခကိုဖြစ်စေသော ထိလွယ်ရှလွယ်ကိစ္စများကို ပိုမိုဂရုထားကာ ပြန်လည်တည်ဆောက်ရန်လိုအပ်ပြီး
ပွင့်လင်းမြင်သာမှုမရှိဟု ယူဆခြင်းခံရပါက လူသားချင်စားနာမှု ဆိုင်ရာအကူအညီပေးရေးလုပ်ငန်းများကို မထိခိုက်စေရဘဲ ပွင့်လင်းမြင်သာမှု ပိုရှိလာစေမည့် နည်းလမ်းများကို ရှာဖွေရန် လိုအပ်ပါသည်ဟု ထုတ်ပြန်ထားသည်။

“အကယ်၍ ကျွန်မတို့ထံတွင် ဘက်လိုက်မှုရှိကြောင်း ယူဆခြင်းခံရပါက၊ လူသားချင်းစာနာမှု လုပ်ငန်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ နှင့် ပတ်သတ်၍ ကျွန်မတို့ လုပ်ဆောင်နေသော အရာများနှင့် လုပ်ဆောင်ရခြင်း
အကြောင်းရင်းများကို ပိုမိုကောင်းမွန်စွာ ရှင်းပြရန် လိုအပ်ကာ၊ ရခိုင်အသိုင်းအဝိုင်းအတွက် ဖွံ့ဖြိုးရေး အကူအညီများ ပိုမိုပေးအပ်ရမည် ဖြစ်ပါသည်”ဟု ယင်းထုတ်ပြန်ချက်တွင်ပါဝင်သည်။

စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်များနှင့်ပတ်သက်၍ ကုလသမဂ္ဂ နှင့် အန်ဂျီအိုများ၏ ပစ္စည်းဥစ္စာများအား ထိရောက်လျင်မြန်စွာ နှင့် လုံလောက်စွာ အကာအကွယ်ပေးရန် လုံခြုံရေးတပ်ဖွဲ့များက မစွမ်းဆောင်နိုင်ခဲ့ခြင်း နှင့် ပတ်သတ်၍ ကုလသမဂ္ဂအနေဖြင့် စိုးရိမ်မှုများရှိနေသည်ဟု ထုတ်ပြန်ထားသည်။

ထို့ပြင် နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့များအနေဖြင့် ရခိုင်တွင် ပြန်လည်၍ အကူအညီပေးရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အစိုးရအာဏာပိုင်များ၏ ပူးပေါင်းဆောင်ရွက်မှု အပြည့်အ၀လိုအပ်သည်ဟုလည်း ယင်းထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။

မတ်လ ၂၆ ရက်ည ပိုင်းက ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအကူအညီပေးရေး အဖွဲ့များ၏ ရုံးခန်းများကို ဖျက်စီးမှုများပြုလုပ်ခဲ့ရာ ရုံးခန်း ၁၄ခန်း ပျက်စီးခဲ့ပြီး ထိုရုံးများမှ ၀န်ထမ်းများမှာ ရန်ကုန်သို့ တိမ်းရှောင်လာရသည်။ အကူညီပေးရေးလုပ်ငန်းများလည်း ရပ်နားထားရသည်။

ဧပြီလ အကုန်တွင် အဆိုပါရုံးခန်းများ ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး အကူအညီပေးရေးလုပ်ငန်းများကို ပြန်လည်စတင်နိုင်ရန် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း နှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ညှိနှိုင်းလျှက်ရှိသည်။

No comments: