ဂျွန်ချစ်ငြိမ်း
မြို့မဈေးကြီးတွင် ဧပြီ ၅ ရက်က ဖြစ်ပွားခဲ့သော လူသတ်မှုကို ထုတ်ဖော်နိုင်ခြင်း မရှိသေးဘဲ ကျူးလွန်သူ မှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်ဟု တောင်ကြီးမြို့ မြို့မ ရဲစခန်းမှ တာဝန်ကျရဲအရာရှိက ဧပြီ ၈ ရက်တွင် မဇ္ဈိမကို ပြောသည်။
အခင်းဖြစ်ပွားခဲ့ပုံမှာ ဧပြီ ၅ရက်က တောင်ကြီးမြို၊့ မြို့မဈေးကြီး၊ ဒုတိယထပ် ဆိုင်အမှတ်(န)/၄၂ ဆိုင်ခန်း၊ ငြိမ်းရွက်လှေ ပန်းကန်ဆိုင်မှ ဆိုင်ပိုင်ရှင်ဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဒေါ်စိန်စိန်သည် ညနေ ဈေးပိတ် သိမ်းချိန်ထိ အိမ်ပြန်ရောက်ရှိလာခြင်း မရှိခဲ့ဟု တရားလိုက ရဲထံ ထွက်ဆိုထားသည်။
ထို့နောက် ဒေါ်စိန်စိန်၏ အစ်မဖြစ်သူက မြို့မဈေးကြီး တာဝန်ကျဝန်ထမ်းများ၊ စည်ပင်ဝန်ထမ်းတို့နှင့် ဈေး ဆိုင်ခန်းသို့ ကြည့်ရှုစစ်ဆေးခဲ့ရာ ဒေါ်စိန်စိန်သည် ၀ဲဘက်လက်ဖျံပြတ်ရှဒဏ်ရာ နှစ်ချက်၊ ယာဘက်လက် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ၀ဲယာရင်ဘတ် ထိုးသွင်းဒဏ်ရာများနှင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်းများတွင် တွေ့ရသည်။
“စုံစမ်းစစ်ဆေးနေဆဲကာလမို့ အတိအကျ ပြောဆိုလို့မရပါဘူး။ လူသတ်တရားခံက ဘာလက်နက်သုံးပြီး သတ်သွားတယ် ဆိုတာလည်း အတည်ပြုဖို့ စစ်ဆေးနေဆဲ ဖြစ်ပါတယ်ဟု တောင်ကြီးမြို့၊ မြို့မရဲစခန်း တာဝန်ကျရဲအရာရှိက ဆိုသည်။
မြို့မဈေးကြီးတွင် လူသတ်မှုဖြစ်ပွားခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ယခင်ဖြစ်ပွားခဲ့ဖူးခြင်းမရှိဟုတောင်ကြီး မြို့မဈေးအတွင်းမှ ဈေးဆိုင်ခန်း ပိုင်ရှင်များက ဆိုသည်။ ယင်းဒေါ်စိန်စိန် သေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အစ်မတော်စပ်သူမှ တရားလိုပြုလုပ် တိုင်တန်းထားကာ တောင်ကြီးမြို့၊ မြို့မရဲစခန်း မှ (ပ) ၉၇ / ၂၀၁၄ ပြစ်မှု ပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ တရားခံအားဖမ်းဆီးနိုင်ရေးအတွက် ဆက်လက်စုံစမ်းလျက် ရှိသည်။
No comments:
Post a Comment