Monday, April 7, 2014

ကျွန်း၊ သစ်မာစိုက်ပျိုးမြေဧက ငါးသိန်းကျော်ကို သစ်ခွဲစက်ရုံ တည်ဆောက်ရန် လေလံပစ်မည်

မောင်သင်တုန်း

သစ်တောဦးစီးဌာနက ပုဂ္ဂလိကလုပ်ငန်းရှင်များထံမှ ပြန်လည်သိမ်းယူထားသော ကျွန်း၊ သစ်မာ စိုက်ပျိုး မြေဧက ငါးသိန်းကျော်ကို လေလံစနစ်ဖြင့် လုပ်ငန်းရှင်များကို နှစ်ရှည်ရောင်းချပေးသွားမည့်အပြင် သစ်ခွဲ စက်ရုံများပါ ဆောက်လုပ်ခွင့်ပြုမည်ဟု သစ်တောဦးစီးဌာနရုံးချုပ်မှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က မဇ္ဈိမကို ပြောသည်။

တစ်နိုင်ငံလုံးရှိ စည်းကမ်းချက်နှင့်မညီသော လုပ်ငန်းရှင်ကုမ္ပဏီစုစုပေါင်း ၁,၀၀၀ ကျော်ထံမှ သစ်တောကြိုးဝိုင်း မြေများကို ပြန်လည် သိမ်းယူထားပြီး ဆက်လက် သိမ်းဆည်းမှုများလည်း လုပ်ဆောင်နေသည်ဟု ၎င်းက ပြောသည်။

ပြန်သိမ်းတာတွေ ပုဂ္ဂလိကကို ပြန်ပေးမယ်။ အမြန်ဆုံးတော့ လုပ်နေပြီး ထပ်ပြီး သိမ်းယူနေတယ်”ဟု ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က ပြောသည်။

အဆိုပါလေလံရောင်းချပေးမည့် သစ်တောကြိုးဝိုင်းများတွင် လုပ်ငန်းရှင်များအနေဖြင့် ဧကအကျယ်အ၀န်း ပေါ်မူတည်ပြီး သစ်ခွဲစက်ရုံများအထိ ဆောက်လုပ်ခွင့်ပြုသွားမည်ဟု ဆက်ပြောသည်။

သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သစ်တောကြိုးဝိုင်းတစ်ခုချင်းစီ လေလံစနစ်ဖြင့် ဒီဇင်ဘာလအတွင်း အပြီးဆောင်ရွက်နိုင်ရန် ခန့်မှန်ထားသည်ဟု ဆိုသည်။

စိုက်ပျိုးနိုင်သည့် ကုမ္ပဏီပေါ်မူတည်ပြီး ကျွန်း၊ သစ်မာ စိုက်ပျိုးနိုင်ရန်ဧက ထောင်ချီ၊ သောင်းချီ ပေးနိုင်ရန် ပြန်လည် ဆောင်ရွက်ပေး သွားမည်ဖြစ်သည်။ ဧကတစ်ရာ၊ နှစ်ရာ စိုက်ပျိုးမည့်သူများကိုလည်း အကွက်ရိုက်ပြီး ဆောင်ရွက်ပေးမည်ဖြစ်သည်။

“အစိုးရသစ်တွေကို မပေးတော့ဘူး။ ကိုယ်ပိုင်သစ်တောကြိုးဝိုင်းထဲက သစ်တွေကို ကိုယ့်ဘာသာထုတ် တဲ့စနစ်ပေါ့”ဟု ဦးကျော်ကျော်လွင်က ပြောသည်။

လက်ရှိအနေအထားမှာ ကျွန်း၊ သစ်မာ စိုက်ခင်းများအတွက် တစ်ဧကလျှင် ၂၀၀ ကျပ်သာ သတ်မှတ် ထားသည်။ အခြားကုန်ကြမ်းစိုက်ခင်းများ (ဥပမာ ရော်ဘာစိုက်ခင်း) များမှာ ဈေးနှုန်းသီးသန့်ဖြင့် သတ် မှတ်ထားသည်။

တစ်ဦးပိုင်စနစ်ဖြင့် လေလံဆွဲနိုင်သကဲ့သို့ အများပိုင်ကုမ္ပဏီများလည်း ၀င်ရောက် လေလံဆွဲနိုင်မည်ဖြစ်ပြီး လေလံနိုင်သူကသာ လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်သည်။

No comments: