Sunday, April 20, 2014

နတ်တလင်းတွင် နေအိမ်ဖျက်ဆီးသူများအား ဥပဒေအရ အရေးယူမည်ဟု ဆို

ရေခဲ(ပြည်)

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ်တွင် ဧပြီလ ၁၅ရက်မှ ၁၇ရက်အတွင်း ဖြစ်ပွားခဲ့သော ဘာသာမတူသည့် လူငယ်နှစ်ဦး ချစ်ကြိုက်သည်ကို မကျေနပ်၍ နေအိမ်လေးလုံး ဖျက်ဆီးခဲ့သူများကို ဥပဒေအရ အရေးယူဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု တောင်ညိုရဲစခန်းမှ တာဝန်မှူးက မဇ္ဈိမကို ပြောသည်။

“အခြေအနေကို ထိန်းသိမ်းနိုင်သွားပါပြီ။ တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွားပါမယ်”ဟု တောင်ညိုရဲစခန်းမှ တာဝန်မှူးက မဇ္ဈိမကို ပြောသည်။ သို့သော် မည်သည့်အချိန်တွင်၊ မည်ကဲ့သို့ အရေးယူမည်ကိုမူ ၎င်းက ပြောကြားခြင်း မရှိပေ။


နေအိမ်များ ဖျက်ဆီးခံခဲ့ရသည့် ကံစုကျေးရွာတွင် ရဲတပ်ဖွဲ့မှ လုံခြုံရေးယူထားပြီး နေအိမ်ဖျက်ဆီးသူများကိုမူ ယခုအချိန်အထိ ဖမ်းဆီးခြင်း မရှိသေးဟု နတ်တလင်းမြို့ တည်ငြိမ်အေးချမ်းရေး ပူးပေါင်းကော်မတီ အဖွဲ့ဝင် တစ်ဦးက ပြောသည်။

"တရားခံတွေကို မဖမ်းသေးဘူး။ အဲဒီ့မှာ လုံထိန်းတပ်ရင်းတွေတော့ ရောက်နေတယ်" ဟု ၎င်းက ဆိုသည်။

ဘာသာမတူသူ နတ်တလင်းမြို့ပေါ်နေ လူငယ်နှင့် တောင်ညိုမြို့မှ အမျိုးသမီးငယ်တို့ ချစ်ကြိုက်သဖြင့် ဧပြီလ ၁၅ရက်ညနှင့် ၁၆၊ ၁၇ ရက် ညများတွင် တောင်ညိုမြို့သစ်မှ အမျိုးသမီး၏ အိမ်နှင့် အခြားရွာနှစ်ခုမှ လူငယ်၏ မိတ်ဆွေအိမ်များကို လူ ၃၀၀ ခန့်က ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဧပြီလ ၁၇ရက် ည ၉နာရီအချိန်တွင် တောင်ညိုမြို့သစ် မင်းဘူးကျွန်းကျေးရွာတွင် ဒေသခံကျေးရွာသားများ ထပ်မံစုဝေးကြသဖြင့် ဧပြီ (၁၈) ရက် နေ့လည်(၂)နာရီတွင် ပဲခူးတိုင်းနယ်စပ်ရေးရာ ၀န်ကြီး ဦးသက်ထွန်း၊ သာယာဝတီခရိုင် အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့မှူး၊ နတ်တလင်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့မှူးတို့က အဆိုပါကျေးရွာတွင် ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု နတ်တလင်းမြို့ တည်ငြိမ်အေးချမ်းရေး ကော်မတီ အဖွဲ့ဝင်က ပြောသည်။

နေအိမ်ဖျက်စီးမှုများနှင့် ပတ်သက်ပြီး အခြေအနေ အသေးစိတ် သိရှိရန် နတ်တလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်း သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

ထို့ကြောင့် နတ်တလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ထံ ဆက်သွယ်မေးမြန်းရာ အစည်းအဝေးပြုလုပ်နေသဖြင့် မေးမြန်းခွင့် မရရှိခဲ့ပေ။

No comments: