Tuesday, April 8, 2014

တိုယိုတာကား ကုမ္ပဏီ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် လေ့လာမှုများပြုလုပ်

ဝင်းကိုကိုလတ်

ဂျပန်ကားကုမ္ပဏီတစ်ခုဖြစ်သည့် တိုယိုတာသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများလုပ်ရန် လေ့လာမှု များပြုလုပ်နေသည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို အတည်ပြုပြောကြားသည်။

အဆိုပါဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများမှတ်ပုံတင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင် နိုင်ဦးက “လာပြီးစုံစမ်းတာပါ။ လာပြီးလေ့လာတဲ့အဆင့်ပဲ ရှိပါသေးတယ်”ဟု ပြောသည်။ တိုယိုတာကား ကုမ္ပဏီ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့်ကိစ္စနှင့်ပါတ်သက်၍ မဇ္ဈိမ၏မေးမြန်းမှုအပေါ် ဦးအောင်နိုင်ဦးက တယ်လီဖုန်းမှတစ်ဆင့် အထက်ပါအတိုင်း ပြန်လည် ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။

တိုယိုတာကားကုမ္ပဏီသည် ပြီးခဲ့သည့်အပတ်က မြန်မာနိုင်ငံသို့ လာရောက် ဆွေးနွေးခြင်းဖြစ်သော်လည်း ဆွေးနွေးသည့် အသေးစိတ်အချက်အလက်များကိုမူ ဦးအောင်နိုင်ဦးက မပြောကြားခြင်းမရှိခဲ့ပေ။

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလလယ်က ဂျပန်နိုင်ငံခရီးစဉ်အတွင်း တိုယိုတာကား စက်ရုံသို့ သွားရောက်ကြည့်ရှုခဲ့အပြီး လေးလခန့်အကြာတွင် ယင်းကုမ္ပဏီက မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် လာရောက် စုံစမ်းခြင်းဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာနမှ အမည်မဖော်လိုသူအရာရှိကြီးတစ်ဦးကလည်း အဆိုပါ သတင်းနှင့်ပတ်သတ်၍ ထပ်မံ အတည်ပြုပြောကြားသည်။

“ကျွန်တော်တို့ဆီကိုလည်း အခွန်နဲ့ပတ်သတ်ပြီး လာရောက်မေးမြန်းသွားပါတယ်”ဟု အထက်ပါအရာရှိက ပြောသည်။

တိုယိုတာကဲ့သို့ နာမည်ကျော် ကားထုတ်လုပ်သည့်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံပါက ကန်ဒေါ်လာ သန်းရာနှင့်ချီသော ရင်းနှီးမြှုပ်နှံမှုဖြစ်လာနိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းသာမက နည်းပညာများပါ ရရှိနိုင်မည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

No comments: