Monday, April 7, 2014

အိမ်အကူကို သရုပ်ဆောင်က နှိပ်စက်ခဲ့သည် ဆိုသည့်အမှုကို ဗဟန်းရဲစခန်းက စစ်ဆေးနေ

ဇော်ဇော်ထွေး

သရုပ်ဆောင်အမျိုးသမီးနှင့် ခင်ပွန်းဖြစ်သူတို့က အသက် ၁၄ နှစ်အရွယ် အိမ်အကူ မိန်းကလေးကို ၀ိုင်း ၀န်းနှိပ်စက်သည်ဟု အမှုဖွင့် တိုင်တန်းမှုကို ပုသိမ်ရဲစခန်းက အမှုဖွင့်ပြီးနောက် ရန်ကုန်မြို့၊ ဗဟန်းရဲ စခန်းသို့ လွှဲပြောင်းပေးအပ်လိုက်သည့် အတွက် ဧပြီ ၂ ရက်တွင်အမှုဖွင့် စစ်ဆေးနေပြီဟု တိုင်းရဲတပ်ဖွဲ့ မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ မဲကျော်ကျေးရွာအုပ်စု၊ မဲဒေါင့်ကျေးရွာနေ အိမ်အကူ၏ မိဘဖြစ်သူ ဒေါ် နော်လီချို (၃၈)နှစ်က ပုသိမ်အမှတ် (၂) ရဲစခန်းတွင် မတ်လ ၃၀ ရက်က အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ် သည်။

မတ်လ ၂၈ ရက် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ်ချင်းရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ အမှတ် (၃၀)နေ မသီတာ(ခ) မသီရိကိုကို (စုံးစမ်းဆဲ)နေသူအိမ်တွင် အိမ်အကူလုပ်နေသည့် သမီးဖြစ်သူမှာ အိမ် ရှင်များ၏ နှိပ်စက်မှုကြောင့် ပုသိမ်ဆေးရုံတွင် ကုသနေရသည်ဟု ပုသိမ်မြို့နေ မိတ်ဆွေဖြစ်သူ စောသာ ထူးမှ ဆက်သွယ်ခဲ့သည်ဟု တရားလိုက ဆိုထားသည်။

အိမ်ရှင်ဖြစ်သူ မသီရိကိုကိုနှင့် သူမ၏ခင်ပွန်းဖြစ်သူ ဦးကြည်လှမြင့်တို့က သမီးဖြစ်သူ မနော်ထက်ထက် အား ဟင်းအိုးတူးသွားသည့်အတွက် လက်နှက်ဖက်အား ဆီပူအိုးအတွင်း ဆွဲနှစ်ခြင်း၊ တုတ်ဖြင့်ရိုက်ခြင်း၊ ကတ်ကြေးဖြင့် လက်ပြင်/လက်မောင်းများအား ထိုးခြင်းများ ပြုလုပ်ခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင်လည်း ဖော်ပြထားသည်။

ဆေးရုံသို့ သွားရောက်ကြည့်ရှုရာတွင် သမီးဖြစ်သူမှာ ဒဏ်ရာများဖြင့် တွေ့ရှိရသဖြင့် အိမ်ရှင်များအား အရေးယူပေးရန် မတ်လ ၃၀ ရက်က အမှုဖွင့် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို ပုသိမ်မြို့အမှတ် (၂)နယ်မြေရဲစခန်းက (ပ)၅၁/၂၀၁၄၊ ပြစ် မှုပုဒ်မ ၃၂၆/၃၂၅ တို့ဖြင့် အမှုဖွင့် စစ် ဆေးပြီး ရန်ကုန်မြို့ရှိ သက်ဆိုင်ရာ ဗဟန်းရဲစခန်းသို့ လွဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ယင်းအမှုကို ဗဟန်းရဲစခန်းက (ပ) ၁၂၂/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး အပြင်းအထန် နာကျင်စေမှုပုဒ်မများဖြစ် သည့် ပုဒ်မ ၃၂၆/၃၂၅ တို့ဖြင့် အရေးယူရန်တိုင်တန်းခံထားရသူများကို ပြစ်မှုကျူးလွန်ခဲ့ခြင်း ဟုတ်မဟုတ် ဖမ်းဆီးစစ်ဆေးသွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

မတ်လအတွင်းကလည်း အိမ်အကူ အမျိုးသမီးတစ်ဦး အိမ်ရှင်၏ မီးပူဖြင့် ထိုးခြင်း၊ ရိုက်နှက်ခံရခြင်း စသည့် နှိပ်စက်ခံ ရခြင်းများကြောင့် ကမာရွတ်ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားမှု ရှိခဲ့သည်။

၂၀၁၂ ခုနှစ်အတွင်းတွင်လည်း အိမ်အကူ အမျိုးသမီးငယ်တစ်ဦး ရုပ်သံသရုပ်ဆောင်သစ် မင်းသမီးတစ်ဦး၏ ညှဉ်းပန်းနှိပ်စက်ခံရမှုကြောင့် သေဆုံးခဲ့ပြီး အဆိုပါ သရုပ်ဆောင်ကိုလည်း တရားရုံးက ထောင်ဒဏ် ကိုးနှစ်၊ လေးလချမှတ်ခဲ့သည်။

No comments: