Tuesday, April 8, 2014

လက်နက်ကိုင် အဖွဲ့တစ်ခု ခန္တီးမြို့နယ်တွင် ဆက်ကြေး ကောက်ဟုဆို

ကိုတိုးကြီး

လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ခန္တီးမြို့နယ်အတွင်းရှိ တစ်နိုင်တစ်ပိုင် ရွှေကျင်သူဒေသခံများနှင့် ကျေးရွာ ဈေးတန်းမှ ရွှေ ရွေး ၅၀ ကျော်နှင့် ငွေကျပ် သုံးသိန်းကို ဆက်ကြေးအဖြစ် ကောက်ခံသွားသည့် ဖြစ်စဉ်တစ်ခု ဧပြီလ ၆ ရက် ညသန်းခေါင်ကျော်တွင် ဖြစ်ပွားခဲ့သည်ဟု ခန္တီးမြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးရုံးမှ အမည်မဖော်လိုသူ ရုံးဝန်ထမ်းတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

ဧပြီလ ၆ ရက် နံနက် ၁ နာရီကျော်တွင် စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်၊ ဟိန်းစွန်းကျေးရွာအုပ်စု၊ ချင်းတွင်းမြစ်ကမ်းရှိ လုံတုံကျေးရွာ၏ မြောက်ဘက် ကုန်းတွင်းပိုင်း လုပ်ကွက်တစ်နေရာနှင့် လုံတုံကျေးရွာ ဈေးတန်းတွင် ဖြစ်ပွားခဲ့သည်ဟုဆိုသည်။

“ယူနီဖောင်းဝတ် လူဆယ်ဦးက လက်နက်ငယ် ကိုယ်စီကိုင်ဆောင်ပြီး ဆက်ကြေးလာကောက်တာဖြစ်တယ်။ မြန်မာ စစ်တပ်တော့ မဟုတ်ဘူး။ ရွှေ ၅၈ ရွေး ပေးဆောင် လိုက်ရတယ်”ဟု ရွှေလုပ်ကွက်မှ တစ်ပိုင်တစ်နိုင်ရွှေကျင်လုပ်သားကြီး ဦးဇော်မျိုးအောင်က မြို့နယ်ထွေအုပ်မှူး ဦးမင်းစိုးထံ ပြောဆိုထား ကြောင်း အထက်ပါဝန်ထမ်းက ပြောသည်။

အဆိုပါ ဆက်ကြေးကောက်အဖွဲ့သည် ၎င်းတို့ ဆက်ကြေးကောက်ခံကြောင်း အလျား ၄ ဒသမ ၆ လက်မ၊ အနံ ၂ လက်မအရွယ်ရှိ လက်မှတ်ဖြတ်ပိုင်းတစ်ခုအား ရွှေကျင်လုပ်သားကြီး ဦးဇော်မျိုးအောင်ထံ ပေးဆောင်ထားခဲ့သည်ဟုလည်း ၎င်းကဆက်ပြောသည်။

ရွှေလက်ခံရရှိကြောင်း ဖော်ပြထားပြီး စာရွက်တွင် “FEDERAL GOVERNMENT OF NAGALAND” စာတမ်းပါရှိသည်ဟု ဆိုသည်။ ဆက်ကြေးကောက်အဖွဲ့သည် နံနက် ၄ နာရီခန့်တွင် လုံတုံကျေးရွာ ဈေးတန်း ရှိ ဈေးဆိုင်များမှ ငွေကျပ်သုံးသိန်း ကောက်ခံတောင်းယူသွားသည်ဟု လုံတုံဒေသခံများက ပြောသည်။

နံနက် ၅ နာရီအချိန်တွင် ချင်းတွင်းမြစ်အတိုင်း တောင်ဘက်သို့ စက်လှေဖြင့်မောင်းနှင်ထွက်သွားခဲ့ကြောင်း ခန္တီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်ကြေးပေးဆောင်လိုက်ရသူများက သွားရောက် အကြောင်းကြားထားသည်ဟု ဆိုသည်။ ဆက်ကြေးလာရောက်ကောက်ခံနေသည်ဟုဆိုသည့် သတင်းနှင့် ပတ်သက်ပြီး အတည်ပြုချက်ရရှိနိုင်ရန် စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်ထံ မဇ္ဈိမက တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဧပြီလ ၇ ရက် ညနေ ၆ နာရီကျော်အထိ ဆက်သွယ်မှု ဧရိယာပြင်ပ ဖြစ်နေသည်။

No comments: