Thursday, April 3, 2014

ရခိုင်က မွတ်စလင်တချို့ သန်းခေါင်စာရင်း အကောက်မခံပဲ သပိတ်မှောက်နေကြ

ABC

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ​မွတ်စလင် ​တွေဟာ ​ရိုဟင်ဂျာ ​အဖြစ်နဲ့ ​သန်းခေါင်စာရင်းမှာ ​စာရင်းထည့်ခွင့် ​မရှိတာကြောင့် ​သန်းခေါင်စာရင်း ​အကောက်မခံပဲ ​သပိတ်မှောက်နေကြပါတယ်။

အစ္စလာမ် ​ဘာသာဝင် ​ဒေသခံ ​ကိုလှမောင်ရဲ့ ​ပြောပြချက်အရ ​သူတို့တွေဟာ ​လူမျိုးမှာ ​ရိုဟင်ဂျာဆိုပြီး ​စာတမ်းတွေ ​ကပ်ထားကြ ​သလို ​ဘာလူမျိုး ​လဲမေးရင် ​ရိုဟင်ဂျာလို့ ​ပဲဖြေတဲ့အတွက် ​သန်းခေါင် ​စာရင်း ​ကောက်တဲ့ ​သူတွေက ​ဆက်မကောက် ​တော့ဘဲ ​ပြန်ထွက် ​သွားလိုက် ​ကြတယ်လို့ ​ဆိုပါတယ်။

မတ်လ ​(၃၀) ​ရက်နေ့မှာ ​ရခိုင်ပြည်နယ် ​အစိုးရ ​ကနေပြီး ​ရိုဟင်ဂျာ ​လို့ထည့် ​သွင်းတာကို ​လက်မခံဘူးလို့ ​ကြေညာချက် ​ထုတ်ပြီး ​နောက်ပိုင်းမှာ ​ဒေသထဲ ​မှာရှိတဲ့ ​မွတ်စလင် ​တချို့က ​သူတို့ရဲ့နေအိမ်တွေမှာ ​လူမျိုး-ရိုဟင်ဂျာ ​ဆိုတဲ့ ​စာတွေရေး ​ကပ်ထားပြီး ​သပိတ်မှောက် ​နေကြတာ ​ဖြစ်ပါတယ်။ ​ဒါပေမယ့် ​ရခိုင်ပြည်နယ် ​စစ်တွေမြို့ရဲ့တချို့နေရာ ​တွေမှာတော့ ​မွတ်စလင်တွေက ​ဘင်္ဂါလီလူမျိုး ​အဖြစ်နဲ့ ​သန်းခေါင် ​စာရင်းထဲ ​ထည့်သွင်း ​တာတွေ ​ရှိခဲ့တယ်လို့လည်း ​ဆိုပါတယ်။

လုံခြုံရေး ​တာဝန်ယူနေတဲ့ ​ရဲအရာရှိတစ်ဦးရဲ့အဆိုအရ ​မွတ်စလင်တွေရဲ့ ​နေအိမ်တွေမှာ ​ရိုဟင်ဂျာ ​လူမျိုးဆိုပြီး ​စာတွေ ​ကပ်ထားတာတွေ့ ​ရပေမယ့် ​အခုထိတော့ ​ပြဿနာ ​တစုံတခု ​မရှိသေးဘူးလို့ ​ပြောပါတယ်။

တချိန်တည်းမှာပဲ ​ကချင်ပြည်နယ် ​ဗန်းမော်ခရိုင်က ​တစ်ချို့မြို့နယ်တွေမှာ ​တိုင်းရင်းသား ​လက်နက်ကိုင်တွေရှိနေတာကြောင့် ​သန်းခေါင်စာရင်းကောက်ယူလို့ ​မရခဲ့ဘူးလို့ ​ဒေသခံတွေကဆို ​ပါတယ်။ ​သန်းခေါင်စာရင်းကောက်ယူလို့မရတဲ့မြို့နယ်တွေကတော့ ​မန်စီမြို့နယ်၊ ​မိုးမောက်မြို့နယ်၊ ​လိုင်ဇာမြို့နယ်၊လွယ်ဂျယ်မြို့နယ်တို့ ​ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ​ဗန်းမော်ခရိုင်လူဝင်မှုကြီးကြပ်ရေး ​ဦးစီးဌာနရုံးမှဦးစီးအရာရှိကို ​မေးမြန်းခဲ့ပေမယ့် ​ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​ပြောဆိုခွင့် ​မရှိတဲ့ ​အကြောင်း ​ကို ​ကြေးနန်းစာ ​နဲ့ ​ပေးပို့ ​ထားကြောင်းနဲ့ ​သန်းခေါင်စာရင်း ​ကော်မတီကလည်း ​ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​သတင်းအချက်အလက်ကိုလုံခြုံစေဖို့ညွှန်ကြားထားတယ်လို့ ​ပြောတဲ့အကြောင်း ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

No comments: