Thursday, April 10, 2014

မြေယာဖြေရှင်းရေးကော်မတီတွင် မြေသိမ်းယူသူများ ပါဝင်နေ၍ လယ်ယာမြေပြဿနာများ ကြန့်ကြာ

မင်းမင်း

မြေယာပြဿနာများ ဖြေရှင်းပေးနေသည့် အစိုးရ၏ မြေအသုံးချမှုစီမံခန့်ခွဲရေး ကော်မတီတွင် ကိုယ်တိုင်မြေ ယာသိမ်းခဲ့သူများ ပါရှိနေခြင်းကြောင့် မြေများပြန်ပေးသော်လည်း မူလပိုင်ရှင်တို့ထံမရောက်ဘဲ ကြန့်ကြာ နေသည်ဟု လွှတ်တော်ကိုယ်စားလှယ်အချို့က စွပ်စွဲပြောဆိုလိုက်သည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၁ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “အခု အုပ်ချုပ်ရေးအာဏာပိုင်တွေကလည်း အရင်အစိုးရရဲ့အမွေခံတွေကိုးဗျ။ သူတို့ကိုယ်တိုင် ပတ်သက်နေတာ ကို စာရွက်နဲ့ပဲ ဖြေရှင်းလို့ မရဘူးလေ” ဟုပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကလည်း “အရင်က ကျွန်တော် ဗိုလ်ချုပ်ဖြစ်ရင် လည်း သိမ်းရင်သိမ်းခဲ့မယ်။ ဒီအချိန်မှာတော့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ချန်ထားလို့မရဘူးလေဗျာ၊ လွှတ်တော်ကလည်း ပြောနေပြီလေ” ဟု ပြောသည်။

မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီတွင် ဗဟိုကော်မတီတစ်ရပ်အဖြစ် ဒု- သမ္မတ ဦးဉဏ်ထွန်းက ဥက္ကဋ္ဌ တာဝန်ယူထားပြီး ပြည်ထဲရေးနှင့် လယ်/ဆည်ဝန်ကြီး နှစ်ဦးက ဒုတိယဥက္ကဋ္ဌနှင့် ပြည်ထဲရေး ဒုတိယ၀န် ကြီးက အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။

တိုင်းနှင့်ပြည်နယ်အားလုံးရှိ ၀န်ကြီးချုပ်များကအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ပြီး တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ် နှင့် ရပ်/ ကျေး အဆင့်ဆင့်တွင်လည်း အုပ်ချုပ်ရေးပိုင်း အခရာကျသူများက ဦးဆောင်တာဝန် ယူထားသည်။

အဆိုပါကော်မတီ၏တာဝန်မှာ ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားသော လယ်ယာမြေစုံစမ်းရေး ကော်မရှင်က စုံစမ်းထားသည့် လယ်ယာမြေသိမ်းပြဿနာ ကို ပြန်လည်စိစစ်ကာ မူလပိုင်ရှင်များထံ ပြန်လည် ပေးအပ်ရမည်ဖြစ်သည်။

ဒု-သမ္မတ ဦးဉဏ်ထွန်း ဦးဆောင်သော မြေအသုံးချမှုစီမံခန့်ခွဲရေး ကော်မတီအနေဖြင့် ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားသော လယ်ယာမြေသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်သို့ ပြည်သူများ တိုင်ကြားထားသည့် လယ်ယာမြေ ပြဿနာအမှုအရေအတွက် ၇၄၅ မှုကို တစ်ရက်လျှင် နှစ်မှုနှုန်းဖြင့် တစ်နှစ်အတွင်း အပြီးဖြေရှင်းပေးမည်ဟု ကော်မတီ ဖွဲ့စည်းပြီးကာစ ၂၀၁၃ ခုနှစ် စက်တင်ဘာလက ကတိပြုပြောဆိုထားသည်။

No comments: