Tuesday, April 8, 2014

တပ်သိမ်းမြေနှင့် အခြားမြေဧက ၁၃၀၀ ကျော် မူလပိုင်ရှင်ထံ မရောက်သေး

ဂျွန်ချစ်ငြိမ်း

ရှမ်းပြည်နယ်အတွင်းရှိ တပ်သိမ်းမြေများနှင့် အခြားသိမ်းဆည်းမြေယာ အမှုတွဲပေါင်း ၃၆၀ ကျော်တွင် မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်နေသော်လည်း မြေဧက ၁၃၀၀ ကျော်မှာ ပြန်လည်ပေးအပ် နိုင်ခြင်း မရှိသေးကြောင်း ရှမ်းပြည်နယ် လယ်ဆည်စိုက်ပျိုးရေးဝန်ကြီး ဦးစိုင်းဆာလူက ပြောဆိုသည်။

မြေဧက ၂၈၅၇၇ ဒဿမ ၄၈ ဧက ကို ပြန်လည်လွှဲပြောင်းပေးအပ်ထားပြီး ၁၃၆၄ဧက အားပြန်လည်မပေးနိုင်ဘဲ မြေယာ အမှုတွဲပေါင်း ၃၆၃မှုရှိသည် ဟု ပြည်နယ်လည်/ဆည်ဝန်ကြီးက ဧပြီ ၇ ရက်တွင် တောင်ကြီး မြို့၊ မြို့တော်ခန်းမ၌ သိမ်းဆည်းခံမြေများအတွက် ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ ဆွေးနွေးစဉ်ပြောဆို ခဲ့ခြင်းဖြစ်သည်။

ကျွန်တော်တို့ ကော်မတီဖွဲ့စည်း ဆောင်ရွက်ပေးနေတယ်ဆိုတာ သိရှိအောင်လည်း သတင်းစာကနေ ကြေညာပေးထားပြီး ဖြစ်ပါတယ်။ ရုံးချိန်အတွင်းလည်း ဖုန်းဆက်စုံစမ်းမေးမြန်းနိုင်ကြပါတယ်”ဟု ၀န်ကြီးက ပြောသည်။

ရှမ်းပြည်နယ်အတွင်းရှိ မြေယာအမှုတွဲများနှင့် ပြန်လည်စွန့်လွှတ်မြေဧကများကိုပြောဆိုခဲ့သော်လည်း တပ်မတော် အပါအ၀င် မည်သည့်ဌာန၊ အဖွဲ့အစည်းများက ဧကပေါင်း မည်မျှသိမ်းဆည်းခဲ့သည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ စွန့်လွှတ်မြေများ တောင်းခံခြင်းနှင့် ပတ်သက်ပြီး အထောက်အထားခိုင်မာ စွာ ပူးတွဲတင်ပြနိုင်သကဲ့သို့၊ သက်သေပျက်စီးဆုံးရှုံးပြီး တင်ပြနိုင်ခြင်းမရှိပါကလည်း ယင်းဒေသရှိ ဂုဏ်သမာဓိရှိသော ရပ်မိရပ်ဖ ထောက်ခံချက်နှင့် လျှောက်ထားနိုင်သည်ဟု ရှမ်းပြည်နယ် လယ်ဆည်စိုက်ပျိုးရေးဝန်ကြီး ဦးစိုင်းဆာလူက ပြောသည်။

“ပိုင်ရှင်တောင်သူ နှစ်ဦးဖြစ်နေ တယ်ဆိုရင်တော့ သက်ဆိုင်ရာတရားရုံးရဲ့ဆုံးဖြတ်ချက်နဲ့ဆောင်ရွက်ရမှာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

တွေ့ဆုံပွဲတွင် ခရိုင်အသီးသီးမှ မြေ ယာအသုံးချမှု စီမံခန့်ခွဲရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးများက တပ်သိမ်းမြေများနှင့် ပတ်သက်သည့် အမှုတွဲများ ပြန်လည်ပေးအပ်နိုင်မှုတို့ကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်ထံ တင်ပြဆွေးနွေး ကြသည်။

ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြန်လည်ရှင်းလင်းရာတွင် တပ်မတော်အနေဖြင့် စွန့်လွတ်နိုင်သည့် မြေယာဧက အတော်များများကို အကြိမ်ကြိမ်စွန့် လွှတ်ပေးနေကြောင်း၊ ၂၀၁၄ အပြီး ဆောင်ရွက်မည် ဆိုသော်လည်း ၂၀၁၅ ထိကို တိုးမြှင့်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

No comments: