ကြယ်ပြာ၊ ဟိန်းကိုစိုး
ကချင်ပြည်နယ်၊ မြစ်ကြီးနား ခရိုင် ၊ တနိုင်းမြို့အတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချူပ် နယ်မြေမှ ရွာလေးရွာကို သန်းခေါင်စာရင်း ကောက်ယူခွင့်ပေးရန် ဧပြီ ၈ရက် တွင် အစိုးရဘက်က တောင်းဆိုခဲ့ရာ KIA က ငြင်းဆန်လိုက်သည်ဟု ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ၏ အကြီးတန်း အရာရှိ ဦးလမိုင်ဂွန်ဂျာက မဇ္ဈိမကို ပြောသည်။
ယခုကဲ့သို့ တောင်းဆိုခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ဧပြီ ၄ရက်ကလည်း တနိုင်မြို့နယ်အတွင်း ပယင်းမှော်လုပ်ငန်းခွင်မှ လူများကို သန်းခေါင်စာရင်ကောက်ယူမည်ဟု ဆို၍ KIA ကို ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ တဆင့် ညှိနိုင်းပေးရန် အစိုးရဘက်က တောင်းဆိုခဲ့ကြောင်း ၎င်းက ဆိုသည်။
ဦးလမိုင်ဂွန်ဂျာက “KIA နဲ့ အစိုးရရဲ့ အနေအထားက လုံးဝကြီးကို အပစ်ရပ်လုပ်ထားတာလဲ မဟုတ်ဘူး။ တိုက်ပွဲတွေကလည်း မကြာခဏ ဖြစ်နေတော့ KIA က ခွင့်မပြုဘူး။ ဒါကို အတင်း စစ်ကြောင်းနဲ့ဝင်ပြီး ကောက်မယ်ဆိုရင်တော့ ထိပ်တိုက်တိုးတဲ့ တိုက်ပွဲတွေဖြစ်လာမှာပါဘဲ” ဟု ပြောသည်။
KIA တပ်မဟာ ၂ ၏ နယ်မြေ တနိုင်းမြို့တွင် ဧပြီ ၃ရက်မှစ၍ သန်းခေါင်းစာရင်းကောက်ယူမည်ဟု ဆိုကာ အစိုးရတပ်အင်အားများ တိုးမြှင့်ချထားပြီး ၊ ယင်းနယ်မြေအတွင်း သန်းခေါင်စာရင် ကောက်ယူခွင့် ပေးရန် အချက်နှစ်ချက်ဖြင့် အစိုးရဘက်က တောင်းဆို ခဲ့ခြင်းဖြစ်သည်ဟုလည်း ၄င်းက ဆိုသည်။
အစိုးရဘက်မှ သန်းခေါင်စာရင်းကောက်ယူရေး သင်တန်းများပေးထားပြီးဖြစ်သော ဆရာ၊ ဆရာမှများ မှ ၎င်းရွာလေးရွာတွင် ၀င်ရောက်ကောက်ခံခွင့်ပြုရန် သို့မဟုတ် သက်ဆိုင်ရာ ကျေးရွာအုပ်ချူပ်ရေးမှူး များက ရွာသားများ၏ လူဦးရေစာရင်းနှင့် အချက်အလက် များကို တနိုင်းမြို့တွင်ရှိသော သန်းခေါင်စာရင်း ရုံးများတွင် လာရောက်ပေးပို့ရန်ဆိုသော အချက်နှစ်ချက်ဖြင့် တောင်းဆိုခဲ့သည်။
ကချင်ပြည်နယ်အတွင်း KIA တပ်ဖွဲ့ဝင်များ၏ တားမြစ်မှုကြောင့် သန်းခေါင်စာရင်း ကောက်ယူခွင့် မရှိခဲ့ သော ရွာပေါင်း ၂၃၁ရွာကို တပ်မတော်စစ်ကြောင်းများဖြင့် ဧပြီလ ၂ရက်က စတင်ကောက်ခံခဲ့ရာ ရွာပေါင်း ၁၇၅ ရွာ ကျန်ရှိနေသေးကြောင်း နှင့်KIA ထိန်းချူပ် နယ်မြေ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်တွင်း ရွာပေါင်း ၅၄ရွာကိုလည်း တပ်မတော်စစ်ကြောင်းများဖြင့် ကောက်ယူ ခဲ့ခြင်း ကြောင့် ယခုအခါတွင် ၁၇ရွာသာ ကောက်ခံရန် ကျန်ရှိတော့ကြောင်း လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ဧပြီ ၈ ရက်တွင် ထုတ်ပြန်ထားသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ မတ်လ ၃၀ရက်နေ့မှ ဧပြီလ ၅ ရက်အထိ သန်းခေါင်စာရင်း ကောက်ယူခဲ့ရာတွင် ကချင်ပြည်နယ် တွင် အိမ်ထောင်စုပေါင်း ၁၈၀၆၀၂စုကို ကောက်ယူပြီးဖြစ်သည်။
သန်းခေါင်စာရင်း စာရင်းစစ် စာရင်းကောက်ဆရာမများအတွက် နေ့စဉ် ထောက်ပံ့ငွေနှုန်းထား တိတိကျကျ မသိရဟုဆို
သန်းခေါင်စာရင်း အချက်အလက်များ လိုက်လံကောက်ခံရသည့် စာရင်းကောက်ဆရာမများနှင့် စာရင်း စစ်ဆရာမများကို အစိုးရနှင့် UNFPA(လူဦးရေရန်ပုံငွေအဖွဲ့) က နေ့စဉ် ထောက်ပံ့ပေးသည့် ငွေကြေးနှုန်းထားကို တိတိကျကျ သိရှိရခြင်း မရှိဟု ဟု ဗိုလ်တထောင်၊ ကမာရွတ်၊တာမွေနှင့် တောင်ဥက္ကလာပမြို့နယ်အတွင်း စားရင်းစစ် စာရင်းကောက် ဆရာမများထံက သိရသည်။
စာရင်းကောက် စာရင်စစ်များအပေါ်ထောက်ပံ့ပေးမှု ပမာဏအပေါ် တောင်ဥက္ကလာမြို့နယ် မှ အလယ်တန်းပြ စာရင်းစစ်ဆရာမဒေါ်ဥမ္မာက “ကျွန်မတို့ကို ဘယ်လောက်ပေးလဲဆိုတာကိုမသိရဘူး၊အခုတော့ စာရင်းကောက်ကို ၃၀၀၀နဲ့ စာရင်းစစ်ကို ၄၀၀၀တော့ပေးတယ်။ တစ်နေ့ကို ဘယ်လောက်ရလဲ ဘယ်လောက် ပေး တယ် ဆိုတာကိုတော့ မသိပါဘူး။ လ၀က ကထုတ်ပေးတာကို ယူလိုက်တာပါပဲ”ဟု ပြောသည်။
စာရင်းကောက်ဆရာမများအတွက် လက်ရှိတွင် အစိုးရက စာရင်းကောက်တစ်ဦးကို တစ်နေ့လျှင် ၃၀၀၀နှင့် စာရင်းစစ်တစ်ဦးကို ၄၀၀၀နှုန်းဖြင့် သန်းခေါင်စာရင်း မကောက်မှီ ၂ရက်အလိုတွင် စာရင်းကောက်ယူမည့် ၁၂ရက်စာအတွက် ထုတ်ပေးထားပြီးဖြစ်သည်ဟု တောင်ဥက္ကလာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန လက်ထောက် ဦးစီးမှူး ဦးမြင့်စိုးက ဆိုသည်။
စာရင်းကောက်များကို အစိုးရက တစ်နေ့လျှင် ၃၆၀၀၊ စာရင်းစစ်များကို ၄၈၀၀နှင့် UNFPA ကစာရင်းကောက် ကို ၅၅၀၀နှင့် စာရင်းစစ်ကို ၆၀၀၀ထိ ထောက်ပံ့ပေးမည်ဖြစ်သည်ဟု ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာညီညီက ပြောထားသည်။
တောင်ဥက္ကလာ ၆ရပ်ကွက်မှ အသက် ၄၀ကျော် အလယ်တန်းပြ စာရင်းကောက်ဆရာမ က “ကျွန်မတို့ကို တစ်နေ့ဘယ်လောက်ထောက်ပံ့ပေးတယ် ဆိုတာထက် သူတို့ထုတ်ပေးသလောက် ယူလိုက်တာ ပါပဲ။ ၀န်ထမ်းဖြစ်နေတော့ ခိုင်းတဲ့အတိုင်းလုပ်ပေးရတာပါပဲ” ဟု ပြောသည်။
စာရင်းစစ် ဆရာမများအတွက် ငွေကြေးထောက်ပံ့မှုကို သန်းခေါင်စာရင်းအတွက် ကုန်ကျမည့် အမေရိကန် ဒေါ်လာ ၅၈.၆သန်းက ပေးအပ်ခြင်းဖြစ်သည်။
လက်ရှိထောက်ပံ့ပေးထားသည့် နှုန်းထားများသည့် ရာနှုန်းပြည့်မဟုတ်သေးပဲ ၈၀ရာခိုင်နှုန်းသာထုတ်ပေး ထား ခြင်းဖြစ်ကာ ကျန်ရှိသည့် ၂၀ရာခိုင်နှုန်းကို မေလ ဒုတိယအပတ်တွင်ထုတ်ပေးသွားမည်ဖြစ်သည်ဟု ပြည်သူ့ အင်အား ဦးစီးဌာနက ထုတ်ပြန်ထားသည်။
သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ၂၀၁၄ခုနှစ် မတ်လ ၁၇ရက်မှ ၂၂ရက် အထိ မြို့နယ်အားလုံး တွင်ပြုလုပ်ခဲ့သည့် စာရင်းစစ် စာရင်းကောက်သင်တန်းများတွင် စာရင်းစစ်တစ်ဦးလျှင် ကျပ် ၆၉၅၂၀ (၈၀ရာခိုင်နှုန်း)၊ စာရင်းကောက်(၁)ဦးလျှင် ကျပ် ၆၀၂၀၀(၈၀ရာခိုင်နှုန်း) စီ UNFPA က ထောက်ပံ့ပေးထား သေးသည်။ ၎င်းထောက်ပံ့ငွေများမှ ကျန်ရှိသည့် ရာခိုင်နှုန်း ၂၀ကိုလည်း မေလ ဒုတိယအပတ် ထပ်မံပေးသွားမည်ဟု ထုတ်ပြန်ထားသည်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို မတ်လ ၃၀ရက်နေ့မှ ဧပြီလ ၁၀ရက်နေ့ထိကောက်ယူမည်ဖြစ်သည်။
No comments:
Post a Comment