ရေခဲ(ပြည်)
ဧပြီလ ၂၁ရက်က အဆုတ်ရောဂါဖြင့် ကွယ်လွန်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို ဂါရ၀ပြုခြင်းနှင့် ၀မ်းနည်းခြင်း အထိမ်းအမှတ်ပွဲများကို ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့နှင့် ရွှေတောင်မြို့တို့တွင် ဧပြီလ ၂၃ရက်က တစ်ပြိုင်နက် ပြုလုပ်ခဲ့သည်။
နံနက် ၉ နာရီခွဲ အချိန်က ပြည်မြို့ ကျောင်းကြီးအိုးတန်းရပ် ဦးခင်ဦး၏ နေအိမ်တွင် ပြည်ခရိုင်အတွင်းရှိနိုင်ငံရေးတက်ကြွလှုပ်ရှားသူများ စုပေါင်းကာ ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား တစ်ခုပြုလုပ်ခဲ့သည်ဟု အခမ်းအနားစီစဉ်သူ ကိုသန်းထိုက်ကပြောသည်။
အခမ်းအနားတွင် ကွယ်လွန်သွားသော ဆရာကြီးဦးဝင်းတင်ကို ရည်စူး၍ သံဃာတော်သုံးပါး ပင့်ဖိတ်ကာ တရားတော်များနာကြားခြင်း၊ ရေစက်ချအမျှပေးဝေခြင်း၊ မြေချဆွမ်းကပ်လှူခြင်း၊ ၀တ္ထုငွေများ ကပ်လှူခြင်းတို့ ပြုလုပ်ခဲ့သည်။
ထို့အပြင် ကြွရောက်လာကြသူများက ဦးဝင်းတင်ကို နိုင်ငံရေးပုံသဏ္ဍန် အလေးပြုခြင်း၊ ပြည်ခရိုင်အတွင်းရှိ လူမှုရေး အဖွဲ့အစည်း အသီးသီးမှပေးပို့သော ၀မ်းနည်းကြောင်း သ၀ဏ်လွှာများ ဖတ်ကြားခြင်း ဦးဝင်းတင်အကြောင်း အောက်မေ့ဖွယ်များ ပြောကြားခြင်း တို့ကို ပြုလုပခဲ့သည်ဟု ကိုသန်းထိုက်ကပြောသည်။
အလားတူ ရွှေတောင်မြိုနယ် ယွန်းတန်းရပ်ကွက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင်လည်း သတင်းစာဆရာကြီး ဦးဝင်းတင်အတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားတစ်ခု ပြုလုပ်ခဲ့သည်ဟု ရွှေတောင်မြို့နယ် (NLD) သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဦးမင်းမော်ကပြောသည်။
သတင်းစာဆရာကြီး ဦးဝင်းတင်အတွက် အမှတ်တရ အခမ်းအနားကို ရန်ကုန်မြို့တွင် ဆရာကြီးကွယ်လွန်သည့် ဧပြီ ၂၁ရက်မှ ၂၃ရက်အထိ ပြည်လမ်းရှိ ယုဒသန်ခန်းမတွင် ပြုလုပ်ခဲ့ပြီး ၂၃ရက် နေ့လည် ၁၂နာရီမှ ညနေ ၄နာရီခွဲအထိ ရေဝေးသုဿန်၌ ဂါရဝပြုပွဲ ပြုလုပ်ပြီး ညနေ ၅နာရီတွင် ဂူသွင်းသင်္ဂြိုလ်မည်ဖြစ်သည်။
No comments:
Post a Comment