ABC
လေးရက်တာ ရန်ကုန်မြို့မှာ ဆွေးနွေးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသားတွေရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ရဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းနဲ့ ပက်သက်ပြီး နှစ်ဖက်သဘောတူတဲ့ ပထမမူကြမ်းအဆင့်ကို မနေ့ကဘဲ သဘောတူညီမှု ရခဲ့ပေမယ့် အချက်တချို့ကို ညှိနှိုင်းလို့မရသေးပဲရှိနေပါတယ်။
အဲဒီ ညှိနှိုင်း လို့ မရခဲ့တဲ့ အချက်တွေဟာ ပြည်ထောင်စု စနစ် ဖရယ်ဒရယ်ဆိုတဲ့ အသုံးအနှုန်းနဲ့ တော်လှန်ရေး ဆိုတဲ့အသုံးနှုန်းတွေ ဖြစ်ပါတယ်။
နှစ်ဖက် အဖွဲ့အစည်းတွေ အားလုံး သဘောတူနိုင်တဲ့ မူကြမ်း တစ်စောင်ရရှိဖို့အတွက် ရန်ကုန်မြို့မှာ လေးရက်လောက် ဆွေးနွေး ခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ဆွေးနွေးပွဲက အတည်ပြုခဲ့တဲ့ အခန်း ၇ ခန်းကို အခြေခံပြီး အသေးစိတ် ဆွေးနွေးခဲ့ကြတာပါ။
မနေ့က ဆွေးနွေး ပွဲမှာ အခန်း ၆ မှာ ပါဝင်တဲ့ အပစ်အခတ် ရပ်စဲပြီး ဆက်လက် အကောင် အထည် ဖော်မယ့် လုပ်ငန်းစဉ်တွေ၊ အခန်း ၇ မှာ ပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်မှာ ပါဝင်မယ့် အထွေထွေ လုပ်ငန်းစဉ် တွေကို အဓိက ဆွေးနွေး ခဲ့တာဖြစ်တယ်လို့ မြန်မာ ငြိမ်းချမ်းရေး စင်တာ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက ပြောပါတယ်။
နှစ်ဖက် အဖွဲ့အစည်းတွေဟာ လာမယ့် မေလ ပထမပတ်အတွင်းမှာ ဒုတိယအဆင့် ထပ်မံ ညှိနှိုင်းဖို့ သဘောတူ ခဲ့ကြတဲ့ အကြောင်း ရေဒီယို သြစတြေးလျ သတင်းထောက် စူးရှက သတင်းပေးပို့ထားပါတယ်။

No comments:
Post a Comment