Thursday, April 10, 2014

မှားယွင်းဖမ်းဆီးခံထားရသူ ဦးမောင်သိန်း အသက်အန္တရာယ်စိုးရိမ်ရ

လှမောင် (စစ်တွေ)

ပြီးခဲ့သည့် မတ်လ ၂၆-၂၇ ရက်နေ့က စစ်တွေဆူပူမှု အခင်းဖြစ်စဉ်တွင် ဓည၀တီရပ်ကွက် အုပ်ချူပ်ရေးမှူး၏ မှားယွင်းစွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသူ ဦးမောင်သိန်းမှာ အာဏာပိုင်များ၏ ရိုက်နှက်စစ်ဆေးမှုများကြောင့် ဦးနှောက်တွင် ဒဏ်ရာပြင်းထန်စွာ ရရှိကာ သတိလစ်မေ့မြောနေပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အနေအထားတွင် ရှိနေကြောင်း သိရသည်။

"အခင်းဖြစ်စဉ်မှာ လုံးဝ ပါဝင်ပတ်သက်မှု မရှိခဲ့တဲ့ ကျနော့်အဖေက အခုအချိန်မှာ အာဏာပိုင်တွေရဲ့ ရိုက်နှက်စစ်ဆေးမှုကြောင့် သတိလစ်မေ့မြောနေတာ ဒီနေ့ဆိုရင် (၃) ရက် ရှိပါပြီ။ အဖေ့ အသက်ရှင်ဖို့ဆိုတာ အခွင့်အလမ်းက အရမ်းနည်းပါးနေပါတယ်။ တကယ်လို့ အသက်ဆက်ရှင်ခဲ့မယ်ဆိုရင်တောင် အရင်တုန်းကလို သွားလာလှုပ်ရှားနိုင်မှာ မဟုတ်တော့ဘူး။ အိပ်ရာထဲမှာပဲ လဲနေရမယ် အခြေအနေပါ" ဟု သားဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုနိုင်စိုးက ပြောသည်။

ယခုအခါ ဦးမောင်သိန်းမှာ စစ်တွေဆေးရုံရှိ အမျိုးသမီးလူနာဆောင်တွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေခြင်းဖြစ်ကာ ပြီးခဲ့သည့် မတ်လ (၆) ရက်နေ့ နံနက် (၉) နာရီမှ စတင် သတိမေ့မြောခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အဖေ သတိလစ်ချိန်ကစပြီး ခုချိန်ထိ ဘာ အစားသောက်တစ်ခုကိုမှ လက်မခံဘူးဖြစ်နေတယ်။ နှာခေါင်းကနေတဆင့် ပိုက်နဲ့ အရည်နဲနဲလေးစီပဲ သွင်းနေရတယ်" ဟု ဦးမောင်သိန်း၏ သားငယ်အဆုံးဖြစ်သူ ရဲပိုင်စိုးက ပြောသည်။

ယခု ဦးမောင်သိန်း၏ ရောဂါအခြေအနေမှာ ရဲတပ်ဖွဲ့ဝင်များ ရိုက်နှက်မှုကြောင့် သေရေးရှင်ရေးအခြေအနေသို့ ရောက်ရှိနေကြောင်း၊ သို့သော်လည်း ရဲများအနေဖြင့် လူမှားဖမ်းဆီးခြင်းဖြစ်စေ၊ တရားခံ အဖြစ်စွပ်စွဲ ခံရသောသူအား အမှုစစ်ဆေးအချိန်တွင်ဖြစ်စေ ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်ပိုင်ခွင့် မရှိကြောင်းနှင့် ထို့သို့ ရိုက်နှက်စစ်ဆေးမှုများပြုလုပ်၍ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါက ဒဏ်ရာအခြေအနေပေါ်လိုက်၍ ပုဒ်မ (၃၂၅) (၃၂၆) တို့ဖြင့် တရားပြန်လည်စွဲဆိုနိုင်ကြောင်း ဥပဒေပညာလေ့လာနေသူတစ်ဦးက သုံးသပ်ပြောကြားသည်။

စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော မတ်လ ၂၆-၂၇ ဆူပူမှုတွင် ဓည၀တီရပ်ကွက်တစ်ခုတည်းမှ ဦးမောင်သိန်းပါ (၁၁) ဦးနှင့် မကျည်းမြိုင်ရပ်ကွက်မှ (၁) ဦး စုစုပေါင်း (၁၂) ဦးမှာ ဓည၀တီရပ်ကွက် အုပ်ချူပ်ရေးမှူး ဦးဖြူမောင်သိန်း၏ တိုင်တန်းချက်ကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

No comments: