သီဟကိုကို
ဧပြီလ ၁ ရက်မှစတင်ကာ ကညန မှတ်ပုံတင်အခွန်နှုန်းထား လျှော့ချသတ်မှတ်လိုက်ခြင်းကြောင့် အင်ဂျင် ပါဝါ ၁,၃၀၀၊ ၁၅၀၀ စီစီ ကားဈေးနှုန်းများ ကျပ် ၁၀ သိန်းမှ ၁၅ သိန်းခန့်အထိ ဈေးကျဆင်းနေသည်ဟု ကားလုပ်ငန်းရှင်များက မဇ္ဈိမကို ပြောသည်။
ကားအရောင်းပြခန်းများဖွင့်လှစ်ထားသည့် Htoo Family Internation Trading Co.,Ltd ၏ ဒါရိုက်တာ ဦးဝင်းနိုင်က “ကညနအခွန်လျှော့လိုက်တဲ့အတွက် CIF (ဆိပ်ကမ်းရောက်)တန်ဖိုး မြင့်ရင်မြင့်သလောက် တင်သွင်းလာတဲ့ကားဈေးနှုန်းတွေက ဈေးကျလာမှာပဲ။ ဒီကာလကသင်္ကြန်ကာလနဲ့နီးတဲ့အတွက် သင်္ကြန်အပြီးဆိုရင် ပိုပြီး အရောင်းအ၀ယ်ကောင်းလာဖို့ရှိတယ်”ဟု မဇ္ဈိမကိုပြောသည်။
ကညန (ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန)က မော်တော်ယာဉ်မှတ်ပုံတင် အခွန်နှုန်းထားများ လျှော့ချသတ်မှတ်လိုက်ခြင်းကြောင့် ကားဈေးနှုန်းများ ကျဆင်းလာခြင်းဖြစ်ပြီး ဈေးနှုန်းမြင့်သည့် ကားများထက် လူစီးများသည့် အင်ဂျင်ပါဝါနည်းကားများသာ အရောင်းအ၀ယ်ဖြစ်လျက်ရှိသည်ဟု ယင်းတို့က ဆို သည်။
ကားလုပ်ငန်းရှင် ဦးမိုးကျော်က “ကားဈေးတွေက ဈေးအကျနဲ့ ရောင်းပေမဲ့လည်း အရောင်းအ၀ယ် အကောင်းကြီးတော့မဟုတ်ဘူး။ အရင်က ၁၁၀ လောက်ဈေးရှိတဲ့ကားတွေက အခု ၉၅၊ ၉၀ သိန်းထိ ဈေး ကျသွားပြီလေ”ဟု ပြောသည်။
CIF နှုန်းထားမြင့်သည့် အင်ဂျင်ပါဝါမြင့်ကားများ ဈေးနှုန်းများသည် သိန်း ၃၀ မှ သိန်း ၄၀ ခန့်အထိ ဈေးနှုန်းများကျဆင်းနိုင်သော်လည်း အရောင်းအ၀ယ်နည်းပါးလျက်ရှိသည်ဟု Htoo Family Internation Trading Co.,Ltd ၏ ဒါရိုက်တာဦးဝင်းနိုင်က ပြောသည်။
ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းမှ ဦးမင်းဦးက “သင်္ကြန်အပြီးလောက်မှာပဲ ကညနအခွန်အသစ်နဲ့ တင်သွင်းထားတဲ့ ကားတွေဝင်လာရင် ဈေးတွေက ကျမှာပဲ”ဟု ပြောသည်။
No comments:
Post a Comment