Tuesday, April 8, 2014

သန်းခေါင်စာရင်းကောက် ကျောင်းအုပ်ဆရာမတစ်ဦး ဆိုင်ကယ်တိမ်းမှောက်၊ တစ်ညတာ သတိလစ်သွား

ကိုတိုးကြီး

သန်းခေါင်စာရင်းကောက်ယူရာမှ ပြန်လာသည့် သန်းခေါင်စာရင်းကောက်ကွက် တာဝန်ကျ မူလတန်း ကျောင်းအုပ်ဆရာမ တစ်ဦးသည် ဆိုင်ကယ်တိမ်း မှောက်ရာမှ ဦးခေါင်းဒဏ်ရာရပြီး တစ်ညတာ သတိ လစ်မေ့မျောသွားသည့် ဖြစ်စဉ်တစ်ခုကို စစ်ကိုင်းတိုင်း၊ ယင်းမာ ပင်မြို့နယ်တွင် ဧပြီလ ၅ ရက် ညနေ ပိုင်းက ဖြစ်ပွားခဲ့သည်ဟု မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အမည်မဖော် လိုသူ ၀န်ထမ်းတစ်ဦးက ပြောကြားခြင်း ဖြစ်သည်။

ယင်းမာပင်မြို့နယ်အတွင်းရှိ ကောက်ကွက် အမှတ်(၂)ဖြစ်သည့် အင်းကျေးရွာအုပ်စု၊ ပေါက်သဖကျေးရွာတွင် တာဝန်ကျသူ ယင်းမာပင်မြို့နယ်၊ မန်းကျည်းကုန်းကျေးရွာ မူလတန်းကျောင်း ကျောင်းအုပ်ဆရာမ ဒေါ်ခင်မာကြည်သည် သန်းခေါင်စာရင်းကောက် ယူအပြီး ပြန်လာစဉ် ညနေ ၆ နာရီခန့်၌ မြောက်ယမား ဆည် လက်တံမြောင်း ပေါင်ပေါ်တွင် ၎င်းကိုယ်တိုင် တစ်ယောက်တည်း စီးနင်းလာသည့်ဆိုင်ကယ်တိမ်း မှောက်ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါ ၀န်ထမ်းက ဆိုသည်။

“ပေါက်သဖကျေးရွာကနေ သန်းခေါင်စာရင်းကောက်ယူပြီး အပြန်ပုလဲ မြို့နယ် ပိတောက်ကုန်းကျေးရွာနဲ့ သာစည်ကျေးရွာအကြား ဆည်မြောင်းလက် တံပေါင်ပေါ်မှာ ဖြစ်တာ။ တစ်ယောက်တည်းပြန်လာတာ။ အနီးက ယာခင်းသမားတွေက ၀ိုင်းကူပြီး ယင်းမာပင် ဆေးရုံပို့တယ်။ ဖြစ်ချင်းသတိမရဘူး။ ခဏနေသတိ ပြန်ရလာတယ်။ ဒါပေမဲ့ ပြန်ပြီး သတိမေ့သွားတာ တစ်ညလုံးပဲ။ အခုတော့ မန္တလေးဆေးရုံကြီးမှာ။ သတိ ရနေပြီလို့ လူနာစောင့်တွေက ဖုန်းဆက်တယ်”ဟု အဆိုပါ ကျေးရွာအုပ်စုအတွင်းရှိ အမည်မဖော်လိုသူ ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးက ဧပြီလ ၆ ရက် ညနေပိုင်းတွင် အတည်ပြုပြောကြားသည်။

သန်းခေါင်စာရင်းကောက်ကွက် သွားရာတွင် အသုံးပြုစီးနင်းသော ဆိုင်ကလုန်း ၁၁၀ အမျိုးအစား ဆိုင် ကယ်ဖြစ်ပြီး တိမ်းမှောက်ရာနေရာသည် ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်အကြား ပုလဲမြို့နယ်လမ်းပိုင်း တွင်ဖြစ်သည့်အတွက် အခင်းဖြစ်ပွားမှုကို ပုလဲမြို့နယ် ရဲစခန်းက တာဝန်ယူဖြေရှင်းသွားမည်ဟုလည်း ၎င်းကဆက်ပြောသည်။

အဆိုပါ အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ပုလဲမြို့နယ် ရဲစခန်းသို့ ဧပြီလ ၆ ရက် ညနေပိုင်းတွင် တယ်လီ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းအဆက်အသွယ်မရရှိခဲ့သဖြင့် ပုလဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးသို့ ဆက်သွယ်ခဲ့သည်။

ပုလဲမြို့နယ်အုပ်ချုပ်ရေးမှူးရုံး တာဝန်ကျ ၀န်ထမ်းဖြစ်သူ မခင်နုက “ရဲစခန်းကတော့ ဒီဆိုင်ကယ်တိမ်းမှောက်မှု သတင်းကိုပြောတယ်။ အမှုဖွင့်မယ် မဖွင့်ဘူးကတော့ ဘာမှမပြောဘူး” ဟု မဇ်္ဈိမ ကို ပြောသည်။

လက်ရှိတွင် ဆိုင်ကယ်တိမ်းမှောက်သည့် ဒေါ်ခင်မာကြည် ကိုယ်စား ၎င်း၏ သန်းခေါင်စာရင်းကောက်ကွက် နေရာများတွင် စာရင်းစစ်ဌာနမှ ဒေါ်သန်းသန်းလွင်သို့ လွှဲပြောင်းတာဝန်ပေးအပ်ထားကြောင်းလည်း အမည်မဖော်လိုသည့် လ၀ကမှူးတစ်ဦးက ပြောသည်။

No comments: