ထင်လင်းအောင်
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၏ အခွန်အများဆုံး ထမ်းဆောင်ခဲ့သော ကုမ္ပဏီမှာ ပြည်တွင်းပုဂ္ဂလိက ဘဏ်လုပ်ငန်းဖြစ်သော ကမ္ဘောဇဘဏ်ကသာ ထပ်မံရှိနေခြင်းဖြစ်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြည်တွင်းအခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းသန်းက ဧပြီလ ၃ ရက်တွင် မဇ္ဈိမကို ထုတ်ဖော်ပြောကြားလိုက်သည်။
အခွန်ကောက်ခံရရှိထားမှု ပမာဏအနေဖြင့်လဲ ကျပ်ငွေ ၃၃၈၆ ဒသမ ၃၂၁ ဘီလီယံဖြင့် ရှေ့ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ် ရရှိခဲ့သော ကျပ်ငွေ ၆၇၅ ဒသမ ၄၁၅ ဘီလီယံထက် ၅ဆကျော် ပိုမို ရရှိခဲ့ခြင်းဖြစ်သည် ဟု ဦးထွန်းသန်းက မဇ္ဈိမကို ပြောသည်။
ညွှန်ကြားရေးမှူး ဦးထွန်းသန်းက “ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ရဲ့(၂၀၁၃-၂၀၁၄) အခွန်ကောက်ခံရရှိမှု ပမာဏက ဘီလီယံ ၃၀၀၀ ကျော်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဘဏ္ဍာနှစ်ကုန်တာက သုံးရက်ပဲရှိသေးတော့ လက်ကျန် ဘဏ်တွေကနေ စာရင်းထပ်ပေးလာတာရင် ထပ်တိုးဖို့တော့ ရှိသေးတယ်။ ၀င်ငွေခွန် ထမ်းဆောင်တဲ့ အများဆုံးစာရင်းမှာတော့ ကမ္ဘောဇဘဏ်ကပဲ ရထားတာ ဖြစ်ပါတယ်” ဟု ပြောသည်။
နိုင်ငံတော်အနေဖြင့် ၀င်ငွေခွန် အများဆုံးထမ်းဆောင်သော ကုမ္ပဏီ ၂၀၀ အမည်စာရင်းကို နှစ်စဉ်ထုတ် ပြန် ကြေညာပေးလေ့ ရှိသည်။
၂၀၁၀-၂၀၁၁ ခုဘဏ္ဍာနှစ်အထိတွင် မြန်မာ့ဦးပိုင်လီမီတက်၏ ဘီယာ ထုတ်ကုန်လုပ်ငန်းဖြစ်သော မြန်မာ ဘရူဘယ်ရီလီမိတက် (Myanmar Brewery Ltd) ကသာ အခွန်အများဆုံး ထမ်းဆောင်သည့် ကုမ္ပဏီ အဖြစ် ရပ်တည်ခဲ့သည်။
သို့ရာတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှစတင်ကာ ၀င်ငွေခွန် ထမ်းဆောင်မှု အများဆုံး ကုမ္ပဏီနေရာသို့ ကမ္ဘောဇဘဏ် (KBZ Bank) ရပ်တည် လာခဲ့သည်။
သို့ဖြစ်ရာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်အတွက် အများဆုံးအခွန်ထမ်းကုမ္ပဏီ ၂၀၀ ၏ အမည်စာရင်းထုတ် ပြန်ခြင်းနှင့် နိုင်ငံတော်မှ ဂုဏ်ပြုဆုချီမြှင့်ခြင်းကို ရန်ကုန်မြို့ရှိ ၊ မြန်မာကော်ဗင်းရှင်းစင်တာ ( MCC )တွင် ဧပြီ ၇ ရက်၌ ကျင်းပသွားမည်ဟု ညွှန်မှူးဦးထွန်းသန်းက ဆက်လက် ပြောသည်။
No comments:
Post a Comment