Tuesday, April 1, 2014

သိမ်းဆည်းလယ်မြေများ အမြန်ဆုံးပြန်ပေးရန် ပြည်မြို့ လယ်သမား ၆၀၀ ကျော် ဆန္ဒပြ

ရေခဲ(ပြည်)

သိမ်းဆည်းလယ်ယာမြေများ မူလပိုင်ရှင်များသို့ ပြန်လည်ပေးအပ်သည်ဆိုသော်လည်း လယ်သမားများထံ အမှန်တကယ် ရောက်ရှိခြင်း မရှိသည့်အပြင်၊ လယ်ယာမြေများစွာ ပြန်လည်ပေးအပ်ခြင်း မရှိသေး သည့်အတွက် သိမ်းဆည်း လယ်ယာမြေများ အမြန်ဆုံးပြန်ပေးရေး ပြည်ခရိုင် အတွင်းရှိ တောင်သူလယ်သမား ၆၀၀ ကျော်က မတ်လ ၂၉ ရက် နံနက်ပိုင်းတွင် ပြည်မြို့အတွင်း လှည့်လည် ဆန္ဒပြ တောင်းဆိုလိုက်သည်။

ပဲခူးတိုင်း ပြည်ခရိုင်အတွင်းရှိ ပြည်၊ ရွှေတောင်၊ ပန်းတောင်း၊ သဲကုန်း၊ ပေါင်းတည်နှင့် ပေါက်ခေါင်းနယ် များမှ တောင်သူလယ်သမားများသည် လယ်ယာမြေ ပြန်လည်ရရှိရေး ကြိုးပမ်းသူများကို ဖမ်းဆီးမှုအမျိုးမျိုး ပြုလုပ်နေသည်ကိုလည်း အလိုမရှိကြောင်း ဆန္ဒပြသူများက ဆိုသည်။

“မိုးဦးမကျခင် လယ်တွေကို ပြန်ပေးစေချင်တာ။ အခုဟာက အပိုင်း(၁) အပိုင်း (၂)ကို ပြန်ပေးနေပြီဆိုပြီး ပဲခူးတိုင်းထဲက စွန့်လွှတ်မြေဧက တစ်သောင်းငါးထောင်ကျော်မှာ ဘယ်သူ့ကိုမှပေးတာ မတွေ့သေးဘူး” ဟု ပန်းတောင်းမြို့နယ်လယ်သမားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ လူထုဆက်ဆံရေးဌာနမှူး မသဇင် ခိုင်က ပြောသည်။

ပြည်မြို့ န၀ဒေးသကြားစက်မှသိမ်းဆည်းထားသော လယ်ယာမြေဧက ၅,၀၀၀ ကျော် ပြန်လည်ရရှိရေး ထူးခြားမှုမရှိသဖြင့် သစ်ချေတင်ကျေးရွာအုပ်စု၊ ရှမ်းကုန်းကျေးရွာအုပ်စု လခုပ္ပင်ကျေးရွာအုပ်စုမှ လယ်သ မား(၃၀)ကျော်ဖြင့် ပါဝင်ဆန္ဒဖော်ထုတ်ကြောင်း သစ်ချေတင်ကျေးရွာအုပ်စု ရှမ်းကုန်းကျေးရွာမှ ကိုစိုးဝင်း က ပြောသည်။

“လယ်ယာမြေနဲ့ပတ်သက်လို့ ကျွန်တော်တို့ အကြိမ်ကြိမ် စာတင်ခဲ့တယ်။ မရခဲ့ဘူး။ အစီရင်ခံစာ(၃)မှာ ထွက်လာတဲ့စာကလည်း ကြံဌာနကသိမ်းထားတဲ့ လယ်ယာမြေတွေကို ပြန်ပေးသင့်ကြောင်းဆိုပြီး ထောက်ခံပေးထားတယ်။ ဒီနေ့အထိ ပြန်မရတဲ့အတွက် တစ်နယ်လုံးမှာရှိတဲ့ လယ်သမားတွေနဲ့ စုပေါင်း ပြီး ဆန္ဒဖော်ထုတ်တာပါ” ဟု ၎င်းက ဆိုသည်။

ပြည်ခရိုင်တစ်ခုလုံးတွင် သိမ်းဆည်းခံလယ်ယာမြေ ဧက ၃၀,၀၀၀ မှ ၅၀,၀၀၀ အကြားတွင်ရှိနေပြီး အလုံးစုံပြန်ရနိုင်သည့် အခြေအနေတွင် မရှိကြောင်း ဆန္ဒဖော်ထုတ်ပွဲအား ဦးဆောင်သူ ကိုမင်းမင်းက ပြောသည်။

လယ်သမားများသည် မတ်လ ၂၉ ရက် နံနက် ၉ နာရီတွင် ပြည်မြို့ ရွှေဆံတော်ဘုရား အနောက်ဘက် စောင်းတန်းတွင် စုဝေးကာ ပြည်-ရန်ကုန်လမ်း၊ ဗိုလ်ချုပ်လမ်း၊ ရွှေတစ်ချောင်းလမ်း၊ လမ်းမတော်လမ်းများအတိုင်း လမ်းလျှောက်ချီတက်ကာ လယ်ယာမြေများ ပြန်ပေးရေး ကြွေးကြော်သံများဖြင့် တောင်းဆိုခဲ့သည်။

ထို့နောက် ရွှေဆံတော်ဘုရား အနောက်ဘက်စောင်းတန်းသို့ ပြန်လည်ချီတက်ကာ ဆန္ဒထုတ်ဖော်မှုကို ရပ်နားခဲ့ပြီး ဆန္ဒပြတောင်သူများ စုပေါင်းကာ ပြည်ခရိုင် တောင်သူလယ်သမားသမဂ္ဂ(ယာယီ)ကို ဖွဲ့စည်း ခဲ့ပြီး သိမ်းဆည်းခံလယ်ယာမြေများကို သုံးလအတွင်း မူလပိုင်ရှင် လယ်သမားများထံ ပြန်မပေးပါက ပြည်ခရိုင် အထွေထွေတောင်သူလယ်သမားသပိတ် ဆင်နွှဲမည်ဟု ဆန္ဒပြတောင်သူများက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

No comments: