Wednesday, April 23, 2014

ကချင်တိုက်ပွဲအတွင်း စစ်ပြေးဒုက္ခသည် ၃၀၀၀ ကျော်တွင် ကလေး ၁၀၀၀ခန့် ပါဝင်ဟု ယူနီဆက်ပြော

Mizzima

ကချင်ပြည်နယ်တောင်ပိုင်း၊ မန်ဝိုင်းကြီးဒေသတွင် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) နှင့် မြန်မာ တပ်မတော်တို့အကြား ဧပြီလ ၁၀ရက်က တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ဒုက္ခသည် ၃၆၀၀ဝန်းကျင် ပြောင်းရွှေ့ခဲ့ရပြီး ကလေးသူငယ် ၁၀၀၀ခန့် ပါဝင်သဖြင့် နှစ်ဖက်လုံးမှ တိုက်ပွဲများရပ်ဆိုင်းရန် ကုလသမဂ္ဂ ကလေးသူငယ်များ စောင့်ရှောက်ရေးအဖွဲ့ (UNICEF)က ဧပြီလ ၂၂ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

“၀မ်းနည်းစရာကောင်းတဲ့ အချက်ကတော့ တိုက်ပွဲတွေ ရပ်ဆိုင်းသွားသည့်တိုင် ကလေးသူငယ်တွေ ရင်ဆိုင်နေရတဲ့ ကြီးမားတဲ့ဘေးအန္တရာယ်တွေက ကွယ်ပျောက်သွားမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေဟာ နှစ်ဘက်စလုံးက အသုံးပြုလိုက်တဲ့မြေမြှပ်မိုင်းတွေရဲ့ ကြီးမားတဲ့ အန္တရာယ်ကို ရင်ဆိုင်နေရတာကြောင့်ရော လက်နက်ကိုင်တပ်ဖွဲ့တွေမှာ တပ်သားအဖြစ် အသုံးပြုဖို့ခေါ်ယူစုဆောင်း ခံရတာတွေကြောင့်ဖြစ်ပါတယ်”ဟု ယူနီဆက် မြန်မာ၏ ဌာနေကိုယ်စားလှယ်ဖြစ်သူ မစ္စတာဘက်ထရန် ဗိန်းဘဲ(လ်)က ပြောသည်။

ယင်းအပြင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသတို့တွင် မြေမြှပ်မိုင်းထောင်မှု အများဆုံးဖြစ်ပြီး တိုက်ပွဲများ အတွက်နှစ်ဖက်စလုံးက မြေမြှပ်မိုင်းများကို အသုံးပြုလျက်ရှိသည်ဟု ယူနီဆက်က ဆိုသည်။ ဧပြီလအတွင်းက ပြန်လည်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့်လည်း မြေမြှပ်မိုင်းများ ထပ်မံပေါ်ပေါက်မည်ဖြစ်ပြီး ကလေးသူငယ်များအတွက် အန္တရာယ်ကျရောက်မည်ကို ယူနီဆက်က စိုးရိမ်နေသည်။

တိုက်ပွဲဖြစ်ပွားသော ဒေသများတွင် ကလေးငယ်များအတွက် အကူအညီပေးမှု အများစုသည် လူသုံးပစ္စည်း အများစုသာ ဖြစ်နေ သည်ဟု ယူနီဆက်မြန်မာက ဝေဖန်လိုက်သည်။

“ကျွန်ုပ်တို့ အနေနဲ့ အရေးပေါ် အကူအညီတွေကို ပံ့ပိုးပေးရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကလေးသူငယ်တွေ ရှင်သန်ကြီးပြင်း ဖွံ့ဖြိုးလာဖို့အတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဟာ လိုအပ်တဲ့အတွက် အသက်ကယ်ဆယ်ရေး အထောက်အပံ့တစ်ခုတည်းနဲ့တော့ မလုံလောက်ပါဘူး” ဟု မစ္စတာဘက်ထရန် ဗိန်းဘဲ(လ်)က ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုများကြောင့် ကချင်ပြည်နယ်၊ မန်စီမြို့နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အတွင်းရှိ၊ ကဒေါ့ကောင်၊ ယန်ဝူး၊ မော်စီ၊ ဂေါန့်ငူယန်နှင့် ဒိန်ဂါ စသည့် ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး ဒုက္ခသည်စခန်းများတွင် စစ်ပြေးဒုက္ခသည် ၃၆၀၀ခန့်ရှိပြီး ယခင်တိုက်ပွဲများအတွင်း ရောက်ရှိနေသည့် ဒုက္ခသည် ၂၀၀၀ခန့်ရှိရာ မန်စီမြို့နယ်နှင့် ရှမ်းမြောက်ပိုင်း စုစုပေါင်း စစ်ပြေးဒုက္ခသည် ၅၀၀၀ကျော် ရှိသည်ဟု ကချင်ပြည်နယ်အတွင်း အကူအညီပေးနေသည့် လူမှုရေး အဖွဲ့များက ဆိုသည်။

No comments: