Tuesday, April 22, 2014

ဟံသာဝတီ ဦးဝင်းတင်ကွယ်လွန်မူ တိုင်းပြည်အတွက် ဆုံးရှုံးမူကြီးဟု ရခိုင်ခေါင်ဆောင်ပြော

နိရဉ္စရာ

မြန်မာပြည်သူတွေ ချစ်မြတ်နိုးတဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကွယ်လွန်သွားခြင်းဟာ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနဲ့ တိုင်းပြည်အတွက် ဆုံးရှုံးမူကြီး တစ်ရပ်ဖြစ်တယ်လို့ ရခိုင်အမျိုးသားခေါင်ဆောင် တစ်ဦးဖြစ်သူ ဦးအေးသာအောင်က ပြေကြားလိုက်ပါတယ်။

ဒီကနေ့ (ဧပြီလ ၂၁ ရက်) နံနက် ၆ နာရီခွဲ အချိန် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ကွယ်လွန်အနိစ္စ ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင်လည်းဖြစ်၊ မြန်မာပြည်သူတွေ ချစ်မြတ်နိုးတဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အတွက် ယုဒဿန် ခန်းမမှာ ပြုလုပ်တဲ့ ဂါရ၀ ဂုဏ်ပြုပွဲ အခမ်းအနားမှာ ဦးအေးသာအောင်က နိရဉ္စရာ သတင်းဌာနကို ခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဦးဝင်းတင်ဟာ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေး၊ တိုင်းရင်းသားများ အရေးအတွက် ဆောင်ရွက်ခဲ့တဲ့ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့အပြင် ပြည်တွင်းငြိမ်းချမ်းရေးရဖို့၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းဖို့ အတွက်လည်းဘဲ တက်တက်ကြွကြွ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ် တစ်ဦးဖြစ်တဲ့ အတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအတွက်သော်၎င်း၊ တိုင်းပြည် အတွက် သော်၎င်း အလွန်ဆုံးရှုံးနစ်နာမူလို့ သူက ပြောပါတယ်။

ဦးဝင်းတင်ရဲ့ မြန်မာနိုင်ငံထဲက တိုင်းရင်းသားတွေ အပေါ်မှာ ထားတဲ့ စိတ်ဓါတ်ကိုလည်း ဦးအေးသာအောင်က ခုလို ဆက်ဆိုပါတယ်။

ဦးဝင်းတင်ဟာ ရှားရှားပါးပါး ဖက်ဒရယ်ပြည်ထောင်စု ဖြစ်မြောက်ဖို့ အတွက် ပြောလည်း ပြောခဲ့တယ်။ ဆောင်လည်း ဆောင်ရွက်ခဲ့တယ်။ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း ပြောလည်း ပြောတယ်။ ဆောင်လည်းဆောင်ရွက်တယ်။ တိုင်းရင်းသားအများက လိုလားနေတဲ့ ရှစ်ပြည်နယ်ကိုလည်း လိုလိုလားလား တကယ်ကို ပြောဆို ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့ အတွက် ဗမာခေါင်းဆောင်တွေ အထဲမှာ အလွန်ရှားပါးတဲ့ ခေါင်းဆောင် တစ်ဦးလို့ သူက ပြောပါတယ်။

အဓိက မြန်မာပြည်မှာ အပြောင်းအလဲ ဖြစ်ဖို့ ကြိုးပမ်းနေတဲ့ကာလ၊ ပြည်တွင်းစစ် ရပ်စဲဖို့- ပြည်တွင်း ငြိမ်းချမ်းရေး ဖေါ်ဆောင်ဖို့ ၊ ဖက်ဒရယ်ပြည်ထောင်စု ဖေါ်ဆောင်ဖို့ အခုလို ကြိုးစားနေတဲ့ကာလမှာ တိုင်းရင်းသားတွေဘက်က စိုက်လိုက်မတ်တပ် ရပ်ပြီး ဆောင်ရွက်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦး ကွယ်လွန်သွားခဲ့တဲ့အတွက် တိုင်းရင်းသားတွေ ကိုယ်စား အထူးဝမ်းနည်းကြောင်း ပြောကြားလိုတယ်လို့လည်း သူက ဆက်ဆိုပါတယ်။

ဦးဝင်းတင်ဟာ ကျန်းမာရေးအခြေအနေ အထူးစိုးရိမ်ရတဲ့အတွက် ရန်ကုန်ဆေးရုံကြီး အရေးပေါ် အထူးကြပ်မတ် ကုသဆောင်မှာ ကုသမှုခံယူနေတဲ့ အချိန် ဧပြီလ ၂၁ ရက်နေ့ နံနက် ၆ နာရီခွဲ အချိန်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ဦးဝင်းတင်ကို ပဲခူးတိုင်း ကြို့ပင်ကောက် မြို့မှာ မွေးဖွားခဲ့ပြီး ၁၉၅၃ ခုနှစ်မှာ ရန်ကုန် တက္ကသိုလ်က အင်္ဂလိပ် စာပေ၊ ခေတ်သစ် ရာဇဝင်နှင့် နိုင်ငံရေး သိပံ္ပ ဘာသာ တွဲနဲ့ ဝိဇ္ဇာဘွဲ့ ရခဲ့တယ်လို့ သိရပါတယ်။

၁၉၅၇ ခုနှစ် ကြေးမုံသတင်းစာ စတင် ထူထောင်ရာမှာ ပါဝင်ခဲ့သူတဦးဖြစ်တဲ့ ဦးဝင်းတင်ဟာ ကြေးမုံသတင်းစာ ပြည်သူပိုင် အသိမ်းခံရတဲ့ နောက်ပိုင်း မန္တလေးမြို့မှာ ထုတ်ဝေတဲ့ ဟံသာဝတီသတင်းစာမှာ အယ်ဒီတာချုပ်အဖြစ် ၁၀ နှစ်နီးပါး လုပ်ကိုင်ခဲ့နောက် ဟံသာဝတီ ဦးဝင်းတင်အဖြစ် လူသိများ ကျော်ကြားလာခဲ့သူ ဖြစ်ပါတယ်။

ဆရာကြီးဦးဝင်းတင်ဟာ စာပေ၊ ပန်းချီ၊ သဘင်ဂီတ၊ နိုင်ငံရေး၊ ဆောင်းပါး စာတမ်း ဝေဖန် သုံးသပ်ချက် အစရှိတာတွေ အမြောက်အများ ရေးသားခဲ့သူဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် စစ်တပ်က အာဏာ သိမ်းပြီးနောက် စက်တင်ဘာလ ၂၄ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင် ဖွဲ့စည်းချိန်မှာ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

၁၉၈၉ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့တွင် ဦးဝင်းတင် ဖမ်းဆီး ခံရပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ် ခံခဲ့ရသလို ထောင်အတွင်းထဲမှာပဲ နောက်ထပ် ထပ်တိုး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်တာ ခံခဲ့ရသူပါ။ ၂၀၀၈ ခုနှစ် စက်တင်ဘာလမှာ အကျဉ်းထောင်က ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။
ကွယ်လွန်ချိန်မှာ ဆရာကြီးဦးဝင်းတင်ဟာ အသက် ၈၄ နှစ်
ရှိပြီဖြစ်ပါတယ်။

No comments: