မင်းမင်း
နအဖအစိုးရလက်ထက်က ဧရာဝတီတိုင်းအတွင်းရှိ လယ်မြေများသိမ်းဆည်းခဲ့သည့် ဧရာရွှေဝါကုမ္ပဏီ မှာ ၎င်း၏သား ပါဝင်ပတ်သက်သည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ၀န်ခံလိုက်ပြီး အဆိုပါကုမ္ပဏီ၏ နာမည်ကိုပင် ၎င်းကိုယ်တိုင် အမည်ပေးခဲ့သည်ဟု ထုတ်ဖော်ပြောဆိုလိုက်သည်။
“အဲဒီကုမ္ပဏီကို နာမည်မှည့်တာ ဥက္ကဋ္ဌကြီး(ကိုယ်တိုင်)မှည့်တာ။ ဧရာဝတီတိုင်းမှာ ဧရာရွှေဝါဆိုတဲ့ခန်းမ ရှိတယ်။ ဒါကြောင့်မို့လို့ ဧရာဝတီတိုင်းမှာရှိတဲ့ ခန်းမကို အမှီသဟဲပြုပြီးတော့ ဧရာရွှေဝါကုမ္ပဏီဆိုပြီး ဖွဲ့စည်းပေးလိုက်တာ”ဟု သူရဦးရွှေမန်းက ပြောသည်။
အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးရာထူးအဖြစ် တာဝန်ယူချိန် ၁၉၉၈ ခုနှစ်က မြေယာသိမ်းဆည်း ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် သိမ်းယူခဲ့ခြင်းဖြစ်သည်ဟု သူရဦးရွှေမန်းက လွှတ်တော်အဆောက်အအုံအတွင်း မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ဟော့ဒီမြေတွေက လွတ်တယ်။ ဒီမြေတွေက လပ်တယ်။ ဒီမြေတွေက စွန့်ပစ်မြေတွေ လုပ်မယ့်သူမရှိ ဘူးဆိုပြီး ယူလိုက်တာ” ဟု ၎င်းကပြောသည်။
ဧရာရွှေဝါကုမ္ပဏီသည် လွန်ခဲ့သော ၁၆ နှစ်ခန့် (၁၉၉၈ ခုနှစ်) ကတည်းက ရေနက်ကွင်းနှင့် မြေလွတ် မြေရိုင်းများ ဖော်ထုတ်ရေး စီမံကိန်းအဖြစ် ဧရာဝတီတိုင်းအတွင်း သာပေါင်းမြို့နယ် အပါအ၀င် ကန်ကြီးထောင့်၊ ရေကြည်၊ ကျောင်းကုန်း၊ အိမ်မဲ စသည့် မြို့နယ်များမှ လယ်မြေဧကပေါင်း ၄၁,၀၀၀ ကျော်ကို သိမ်းယူခဲ့ခြင်း ဖြစ်သည်။
အဆိုပါကုမ္ပဏီတွင် ၎င်း၏သားဖြစ်သူ ဦးအောင်သက်မန်း ပါဝင်ပတ်သက်ရခြင်းမှာ ဒေသခံ ကရင်လယ်သမားကြီးတစ်ဦးနှင့် သူဌေးတစ်ဦးတို့အကြား ယုံကြည်မှုရှိစေရန် သက်သေခံအဖြစ်ပါဝင်ခဲ့ခြင်းဖြစ်သည် ဟု သူရဦးရွှေမန်းက ရှင်းပြခဲ့သည်။
“တစ်ဖက်ကလည်း ငွေကြေးစိုက်ထုတ်ရမယ်။ တစ်ဖက်ကလည်း အလုပ်စိုက်ထုတ်ရမယ်။ အဲဒါနဲ့ ဥက္ကဋ္ဌ ကြီးရဲ့သား ပါသွားတယ်။ ဘာမှလည်း နားမလည်ဘူး။ သက်သေခံ ဟိုဘက်ဒီဘက် အဆင်ပြေအောင် ဆောင်ရွက်ပေးတာ”ဟု ၎င်းက ဆိုသည်။
ကုမ္ပဏီမှသိမ်းထားသည့်မြေများကို လက်ရှိအချိန်တွင် ဧရာဝတီတိုင်းအစိုးရထံ လွှဲပြောင်းအပ်နှံခဲ့ပြီး ဖြစ်သည့်အတွက် “အချိန်မရွေးစစ်ပါ”ဟု ၎င်းက ဖွင့်ဟသည်။
ဧရာရွှေဝါကုမ္ပဏီက လုပ်ပိုင်ခွင့်ရမြေဧက လေးသောင်းကျော်ကို ပြန်လည်အပ်နှံခဲ့သော်လည်း လယ်သမားများလက်ဝယ်သို့ အမှန်တကယ် လွှဲပြောင်းပေးမှုမရှိသေးကြောင်း ကျောင်းကုန်းမြို့နယ်မှ ပြည်သူ့ လွှတ်တော်အမတ် ဦးသိန်းထွန်းက ပြည်ထောင်စု လွှတ်တော်တွင် ဖေဖော်ဝါရီ ၂၀ ရက်က ပြောဆိုထား သည်။
“နိုင်ငံတော်အကြီးအကဲများက မည်သို့ပင် လမ်းညွှန်ပြောဆိုနေစေကာမူ အောက်ခြေတွင် အကျင့်ပျက်မှုများ၊ ကိုယ်ကျိုးရှာမှုများ ရှိနေသေးကြောင်း သုံးသပ်ရပါတယ်” ဟု ဦးသိန်းထွန်းက ပြောခဲ့သည်။
No comments:
Post a Comment