ဇော်ဇော်ထွေး
မှော်ဘီမြို့နယ်တွင် မီးရထားလမ်းပေါ် အိပ်နေသူတစ်ဦး ရထားကြိတ်မိသဖြင့် ခြေလက်များ ပြတ်ခဲ့ပြီး အဆိုပါအမျိုးသားကို မီးရထားဥပဒေဖြင့် အရေးယူရန် ဧပြီ ၅ ရက်တွင် အမှုဖွင့်ထားသည်ဟု တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ရထားကြိတ်မှုမှာ ဧပြီ ၄ ရက် ည ၁ဝ နာရီဝန်းကျင်က ဖူးကြီး၊ ဝါးနက်ချောင်း ရထားလမ်း မိုင်တိုင်အမှတ် (၃၅/၃)နှင့် (၃၅/၄)အကြားတွင် ရထားသံလမ်းပေါ် အိပ်နေခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မှ ပုဂံသို့ မောင်းနှင်လာသည့် အမှတ် (၆၁) အဆန်ရထားက ကြိတ်မိခဲ့ခြင်း ဖြစ်သည်။
ရထားကြိတ်ခံရသူမှာ ဖူးကြီးကျေးရွာ ခရမ်းကုန်းပိုင်းနေ အောင်သက် ဆိုသူဖြစ်ပြီး ရထားသံလမ်းပေါ်သို့ ခြေလက်များတင်လျက် အိပ်နေသည့်အတွက် ရထားမှ ကြိတ်မိခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ဝဲလက်မောင်း၊ ဝဲခြေထောက်ပြတ်ဒဏ်ရာ ရရှိခဲ့ပြီး ရထားမှာ မိနစ် (၄ဝ)ခန့် ရပ်တန့်ခဲ့ပြီး ဒဏ်ရာ ရရှိသူကို တိုက်ကြီးဆေးရုံသို့ တင်ပို့ပေးခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
ထို့ပြင် ခြေလက်များ ပြတ်ခဲ့သည့် အောင်သက်ဆိုသူကို အရေးယူပေးရန် ဖူးကြီးဘူတာ ရုံပိုင် ဦးမျိုးလှိုင်က တရားလိုပြုလုပ် တိုင်တန်းထားသည်။
ယင်းတိုင်တန်းမှုကြောင့် ရဲစခန်းက (ပ) ၁၈၈/၂ဝ၁၄ ဖြင့် အမှုဖွင့်လိုက်ပြီး မီးရထားအက်ဥပဒေပုဒ်မ ၁၂၆(င)ဖြင့် အရေးယူသွားမည်ဟု ဆိုသည်။
No comments:
Post a Comment