လှမောင် (စစ်တွေ)
လေးရက်ကြာ သတိလစ်မေ့နေသော ဦးမောင်သိန်းအား ကျန်းမာရေး ပြန်လည်ကောင်းမွန်လာစေရန် စစ်တွေမြို့ခံ လူငယ်တချို့က လောကာနန္ဒာစေတီတော်မြတ်ကြီး၏ ဗုဒ္ဓဟူးဂြိုလ်ထောင့်၌ ဧပြီလ ၁၀ ရက်နေ့ ညနေ ၆ နာရီခွဲတွင် ဆုတောင်းခဲ့ကြကြောင်း သိရသည်။
ဦမောင်သိန်း နေကောင်းပါစေဟု ဆုတောင်းနေသော လူငယ်တစ်ဦးဖြစ်သူ ကိုနေမင်းအောင်က "ဒီဆုတောင်းပွဲဟာ ကျနော်တို့ ဘာမှ မလုပ်ပေးနိုင်တဲ့ အခြေအနေတွေမှာ ဦးမောင်သိန်းအတွက် ကျနော်တို့ လုပ်ပေးနိုင်တဲ့အရာကို ကျနော်တို့ လုပ်ပေးကြတာပါ။ အဓိက ရည်ရွယ်ချက်ကတော့ ဦးမောင်သိန်း အမြန်နေကောင်းစေချင်လို့ပါ" ဟု ပြောသည်။
ဦးမောင်သိန်းအား ဆုတောင်းနေကြသော လူငယ်များမှာ ၄၀ ခန့်ရှိပြီး ညနေ ၇ နာရီတိတိတွင် ဆုတောင်းခြင်းကို အဆုံးသတ်ခဲ့ကြသည်။
ယင်းလူငယ်များမှ ဆုတောင်းရာတွင် နမောတဿ သုံးကြိမ်ကို ပထမဆုံးရွတ်ဆိုကာ ဦးမောင်သိန်းသည် မကြာသေးမီက စစ်တွေတွင် ဖြစ်ပွားခဲ့သည့် မတ်၂၆-၂၇ ဖြစ်စဉ်တွင် လုံးဝပတ်သက်မှုမရှိဘဲ ကျန်းမာစွာ ရှင်သန်နေထိုင်ခဲ့စဉ်က ရခိုင်ပြည်သူလူထုအကျိုးကိုသာ ဆောင်ရွက်ခဲ့ကြောင်းနှင့် လူမှားဖမ်းဆီး၍ အကျဉ်းထောင်အတွင်း စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ရရှိလာသော အတွင်းဒဏ်ရာကြောင့် ၎င်းမှာ သတိလစ်မေ့နေခြင်းမှ ပြန်ပြီး သတိရလာစေရန်၊ နဂိုအတိုင်း ကျန်းမာလာစေရန် ဆုတောင်း မေတ္တာပို့သကာ တိုင်းတည်သစ္စာပြုခဲ့ကြသည်ဟု ကိုနေမင်းအောင်က ဆိုသည်။
ဆုတောင်းသံ၏ ကြွေးကြော်သံမှာ " ဦးမောင်သိန်း - ကျန်းမာပါစေ၊ ဦးမောင်သိန်း စိတ်နှလုံး ကိုယ်လက်ကျန်းမာ ရွင်လန်း၍ တိုင်းပြည်အကျိုး ဆထက်တပိုး ဆောင်ရွက်နိုင်ပါစေရန် နှင့် ဦးမောင်သိန်း အမြန်နေကောင်းပါစေ " ဟု ရွက်ဆိုခဲ့ကြသည်။
အဆိုပါ လူငယ်တို့ ဆုတောင်းနေသည်ကို စရဖ အဖွဲ့ဝင်ထဲက ကိုသန်းရွှေမှ လာရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး မေးမြန်းခဲ့သည့် မေးခွန်းများမှာ မည်သူဦးဆောင်ပါသနည်း၊ မည်သည့်အတွက်ကြောင့် ပြုလုပ်ရပါသနည်း၊ လူအရေ အတွက် မည်မျှပါသလဲ၊ ယခုပြုလုပ်သည်မှာ ကိုနိုင်စိုး သို့မဟုတ် မိသားစုထဲမှ တစ်ဦးဦးက ပြုလုပ်ခိုင်းခြင်း ဖြစ်ပါသလား၊ ဆုတောင်းသူများထဲတွင် ကိုနိုင်စိုး၏ မိသားစုပါဝင်သလား စသော မေးခွန်းများအား မေးမြန်းသွားကြောင်း ကိုနေမင်းအောင်က ပြောကြားသွားသည်။
ဦးမောင်သိန်းသည် ရခိုင်အမျိုးသားပါတီ ဗဟိုအရံကော်မတီဝင်၊ ရခိုင်လူမှုကွန်ရက် (စစ်တွေ) နာယကတစ်ဦးဖြစ်ပြီး၊ ရှမ်းကြီးသိုင်းအဖွဲ့ (ရခိုင်ပြည်) ဥက္ကဌ တစ်ဦး ဖြစ်သည့်အပြင် အခြား လူမှုရေးလုပ်ငန်းများတွင်လည်း ပါဝင်လှုပ်ရှားသူ တစ်ဦးဖြစ်ပြီး ယခုအခါ စစ်တွေပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူနေကာ ရန်ကုန်မြို့သို့ ကူးသခံယူလိုကြောင်း သိရသည်။

No comments:
Post a Comment