ဂျွန်ချစ်ငြိမ်း
ယခုနှစ် တောင်ကြီး သင်္ကြန်အတွင်း ဆင်နွဲကြမည့် ရေကစားမဏ္ဍပ်ကြီးများအားလုံးတွင် လုံခြုံရေးအတွက် စီစီတီဗွီကင်မရာများ တပ်ဆင်သွားမည်ဟု တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက ဧပြီ ၃ ရက်တွင် မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် ၂၀၁၃ မဟာသင်္ကြန်တွင် တောင်ကြီးမြို့ ဗဟိုရေကစားမဏ္ဍပ်တစ်ခုတည်းသာ လုံခြုံရေး ကင်မရာများ တပ်ဆင်ခဲ့သော်လည်း ယခုနှစ်တွင် ရေကစားမဏ္ဍပ်များ အားလုံး တပ်ဆင်ရမည်ဟု ဆိုသည်။
“အများပြည်သူလုံခြုံရေးအတွက်ပါ ၊ မဏ္ဍပ်ကြီးရင် လေးခု ၊ အလတ်ဆို သုံးခုလောက် စီစီတီဗွီ ကင်မရာတွေ တပ်ဆင်ထားရှိရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ယခုနှစ်သင်္ကြန်တွင် တောင်ကြီးမြို့ပေါ်၌ ဗဟိုမဏ္ဍပ်အပါဝင် တိုင်းရင်းသား ငြိမ်းချမ်းရေးမဏ္ဍပ် ၊ ဓနုစာပေယဉ်ကျေးမှု နှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအသင်း မဏ္ဍပ်တို့လည်း ပါဝင်မည် ဖြစ်သည်။
မဏ္ဍပ်အားလုံးတွင် အများပြည်သူလုံခြုံရေးအတွက် လုံခြုံရေးပိုင်းကို ရယကနှင့် ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်ဟု ဆိုသည်။
No comments:
Post a Comment