Thursday, April 24, 2014

အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် လျှောက်ထားမှု ပိုများလာ

မျိုးသန့်

လူဦးရေတိုးပွားနေသည့် မန္တလေးမြို့အတွင်း အထပ်မြင့် ကွန်ဒိုတိုက်ခန်းများနှင့် အထပ်မြင့် အဆောက် အအုံများ ဆောက်လုပ်ခွင့် တင်ပြလျှောက်ထားမှုများ ပိုများလာသည်ဟု မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီမှ ကော်မတီဝင် တစ်ဦးက မဇ္ဈိမကို ပြောသည်။

“မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာ အထပ်မြင့်တိုက်ခန်းတွေ တည်ဆောက်ဖို့ အတွက် တင်ပြလာတာတွေက များပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။ မန်းစည်ပင်အနေဖြင့် ၁၂ ထပ်အောက် လျှောက်ထားမှုများကို စိစစ်ခွင့်ပြုလျက်ရှိပြီး ထိုထက်ကျော်လွန်ပါက တိုင်းအစိုးရအဖွဲ့သို့ တင်ပြ၍ အဆုံးအဖြတ်ယူရန် စီစဉ်ထားသည်။

ရှစ်ထပ်အမြင့် တိုက်ခန်းဆောက်လုပ်ခွင့် လျှောက်ထားမှု ပိုများလာသည်ဟုလည်း အထက်ပါ ကော်မတီ ၀င်က ဆိုသည်။ လက်ရှိတွင် ၂၅ ထပ်အထိသာ ခွင့်ပြု ထားသော်လည်း ၂၈ ထပ်၊ အဆောက်အအုံတစ်ခု တည်ဆောက်ရန် လျှောက်ထားမှု တစ်ခုရှိနေပြီဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

မန်းစည်ပင် အဆောက်အအုံ နှင့်ကုန်ရုံဌာန တာဝန်ရှိသူတစ်ဦးကမူ အလျား ၂၉ x အနံ ၁၉နှင့် အထက် ကျယ်ဝန်းမှုရှိမှသာ လေးထပ်နှင့်အထက် ဆောက်လုပ်ခွင့်ပြုသည်ဟု အသိပေးသည်။

“ဒါ့အပြင် သတ်မှတ်ပေအလိုက်တွက် ချက်ပြီး ချထားပေးပါတယ်။ မန္တလေးမြို့မှာတော့ အမြင့်ဆုံးအထပ် အဖြစ် ၂၅ ထပ်ကိုပဲ တည်ဆောက်ခွင့် ပေးထားတာပဲ ရှိပါသေးတယ်” ဟု ၎င်းက ပြောသည်။ထို့ပြင် မြို့ တော်လှပမှုကိုထိခိုက်နိုင်သဖြင့် မန္တလေးမြို့၏အထင်ကရကျုံးဘေးပတ်ချာလည်တွင် လေးထပ်အဆောက် အအုံထက် ပို၍ ဆောက်လုပ်ခြင်းကို ခွင့်ပြု မထားပေ။ ကျုံးနံဘေးရှိ ဆီဒိုးနားဟိုတယ်မှအပ လေးထပ် ထက်ပိုသော အဆောက်အအုံများ ပြန်လည်ဖြိုဖျက်ရေး အစီအစဉ်ရှိသည်ဟု အဆိုပါ တာဝန်ရှိသူက ဆို သည်။

မန္တလေးမြို့သည် စစ်ကိုင်းငလျင်ပြတ် ရွေ့ကြောပေါ်တွင် တည်ရှိသောကြောင့် အဆောက်အအုံများ၏ ခိုင်ခန့်မှုကို အဓိကထားဆောင်ရွက်နေသည်ဟု မန်းစည်ပင်က ဆိုသည်။လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန၏ မတ်လ ၃၀သန်းခေါင်စာရင်းမကောက်ခံမီ စာရင်းအရမြို့တော်တွင် လူဦးရေ ၁ဒသမ ၂၄သန်း မှီတင်းနေထိုင်လျက် ရှိသည်။

No comments: