Sunday, April 13, 2014

တာချီလိတ်မြို့ သဲကျင်း လုပ်ငန်းမှ တူးဖော် ရမိ ရှေးဟောင်း ဆင်းထု တော်များ လွယ်မော ကျောင်းတိုက်တွင် ရှိနေဆဲ

သျှမ်းသံတော်ဆင့်

တာချီလိတ်မြို့နယ်အတွင်း သဲကျင်း လုပ်ငန်းမှ တူးဖော် ရမိသော ဆင်းထုတော်များ လွယ်မော ကျောင်း တိုက် တွင်ထားရှိဆဲ ဖြစ်ပြီး မိုင်းဖုန်း ဆရာတော်ဘုရားမှ လာရောက် အပူဇော်ခံခြင်း မပြုသေးကြောင်း သိရသည်။

“လွယ်မောကျောင်းတိုက်မှာဘဲ ဒီနေ့အထိ ယာယီကျိန်းဝပ်ထားပြီး ပူဇော်ခံနေတယ်။ မိုင်းဖုန်းဆရာ တော် ဉာဏသံဝရ (ခူးဝါးဝန်းစုမ့်) လာပြီးအပူဇော်မခံသေးဘူး။ ဘယ်မှာ အပူဇော်ခံ ထားရှိသွားမယ် ဆိုတာ ဆရာတော်ဘုရား သဘောအတိုင်းဘဲ ။ မသိရသေးဘူး ” - ဟု ကျောင်းတိုက် ဒကာများကပြော သည်။

ဧပြီလ ၁ ရက်က တာချီလိတ်မြို့ လေယာဉ်ကွင်းအရှေ့ဘက် နမ့်မယ်ဟုတ်ချောင်းအတွင်း သဲကျင်းလုပ် ငန်းမှ ရှေးဟောင်း ဆင်းထုတော် ၁၀ ဆူထက်မနည်း တူးဖော်ရမိခဲ့ပါသည်။

“သဲစုပ်နေတဲ့ ပိုက်မှာ ဉာဏ်တော် တတောင်လောက်ရှိတဲ့ ဆင်းထုတော်တဆူ လာပိတ်မိနေတယ်။ ဆင်းဆယ်ယူပြီး သဲထပ်စုပ်တယ်။ သဲတွေနဲ့အတူ ဆင်းထုတော်အသေးလေးတွေထပ်ပါလာတယ်” - အသက် ၆၀ ကျော်ရှိသည့် ဒေသခံ လုံးနန် ကပြောသည်။

သဲစုပ်ရောင်းရာကနေ တွေ့ရှိသည့် ဘုရားဆင်းတုတော်များမှာ အသေးဆုံးက ဉာဏ်တော်တမိုက်( ၄ လက်မ) ခန့်ရှိသည်။ အကြီးဆုံးမှာ တပေခန့်ရှိပြီး ထုလုပ်ထားသည့် ပလ္လင်တွင် လှေပုံသဏ္ဌာန်ရှိ ကြောင်း၊ ရှေးသျှမ်းစာ(ဗျည်း) ရေးထိုးထားကြောင်း သိရသည်။

နမ့်ဟုတ်ချောင်းအတွင်းရှိ ဗုဒ္ဓဆင်းထုတော်များသည် စေတီတော်အတွင်း ဌာပနာ ထားသော ဆင်းတု တော်များ ဖြစ်နိုင်ချေရှိကြောင်း၊ အဆိုပါစေတီတော်သည်ရေအောက် နစ်မြုပ်သွားသည် မှာကြာလှပြီဟု ခန့်မှန်းရကြောင်း၊ အဘယ်ကြောင့်ဆိုသော် အသက် ၇၀ ကျော် ဒေသခံသက်ကြီးမိဘများပင် ထိုနေရာ၌ စေတီ၊ ကျေးရွာရှိသည်ဟု မကြားဖူးကြောင်း၊ ထိုအချက်ကိုကြည့်ခြင်းအားဖြင့် ဆင်းထုတော်မှာနှစ်ပေါင်း ရာချီရှိပြီဟု ယူဆရကြောင်း လွယ်မောကျောင်းတိုက်ဒကာ ဒကာမ များကပြောကြသည်။

No comments: